ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုကို ကန့်ကွက်ပွဲ မုဒုံမှာ ကျင်းပ
2017.03.18
မွန်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိမှု အလိုမရှိကြောင်း ကန့်ကွက်ပွဲကို မတ်လ ၁၈ ရက်နေ့က ကျင်းပစဉ်
မွန်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိမှု အလိုမရှိကြောင်း ကန့်ကွက်ပွဲကို မုဒုံမြို့နယ်မှာရှိတဲ့ မွန်သံဃာတော်တွေနဲ့ မွန်လူငယ်တွေက ကန်သာယာပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်ဘေးလမ်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိတာဟာ လူမျိုးကြီးဝါဒလိုခံစားရပြီး မွန်တွေအများစုနေတဲ့ နေရာမှာ ဗိုလ်ချုပ်ကြေးရုပ်မထားရှိဘဲ မွန်သူရဲကောင်းတွေရဲ့ ကြေးရုပ်ထားရှိစေချင်တယ်လို့ ပွဲကိုဦးဆောင်ပြုလုပ် တဲ့ နိုင်ထွန်းမြင့်က ပြောပါတယ်။
"ဒီနီုင်ငံတော်ရဲ့လွတ်လပ်ရေးကိုရယူခဲ့တဲ့ လူတွေကလည်းမွန်လူမျိုးတွေလည်းပါတာပဲ၊ ဂုဏ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတာပဲ၊ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်တည်းကိုပဲထားတာကို ကျနော်တို့သိပ်သဘောမကျဘူး"
ကန့်ကွက်ပွဲ တက်ရောက်သူ တစ်ရာလောက်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် မွန်ပြည်နယ်မှာ အလိုမရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားပေး စတာတွေကို ကြွေးကြော်ခဲ့ပါတယ်။
မွန်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ၂ ရုပ်ရှိပြီး မော်လမြိုင်သံလွင်ဥယျာဉ်မှာ တစ်ရုပ်နဲ့ မုဒုံမြို့ကန်သာယာပန်းခြံမှာ ပြီးခဲ့တဲ့ဗိုလ်ချုပ်မွေးနေ့က ဖွင့်လှစ်ခဲ့တဲ့ ကြေးရုပ် တစ်ရုပ် ရှိပါတယ်။
မုဒုံမြို့ ကန်သာယာပန်းခြံမှာရှိတဲ့ ကြေးရုပ်ဟာ အမြင့် ၉ ပေရှိပြီး ကြေးပိဿာချိန် ၃၃၀ ရှိကာ သိန်း ၁၅၀ နီးပါး ကုန်ကျခံပြုလုပ်ထားတာဖြစ်ပါတယ်။









