ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်အစီအစဉ်ကို နာဂတွေ ကန့်ကွက်


2018.07.12
bogyoke-statue-622.jpg ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံရင်ပြင်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတွေ့ရစဉ်
Photo: Htet Arkar/RFA

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမယ့်အစီအစဉ်ကို နာဂအဖွဲ့အစည်းတွေက ကန့်ကွက်ကြပါတယ်။

ဗိုလ်ချုပ်ကို နိုင်ငံပြယုဂ်တစ်ခုအဖြစ် လက်ခံပေမယ့် တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သမိုင်းဖြစ်စဉ်တွေ ပျောက်ပျက်သွားမှာစိုးရိမ်တာကြောင့် ကန့်ကွက်တာလို့ နာဂအမျိုးသားရေးရာကောင်စီက နော်အောင်ဆန်းက ပြောပါတယ်။

" ဒါက ကျနော်တို့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာနဲ့ ပတ်သက်ပြီး ကျနော်တို့ လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ဟာကို  အတိအလင်း ပြောနေခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်ရေးအရ ခေါင်းဆောင်တစ်ယောက်ကို မလေး စားခြင်းလည်း မဟုတ်ဘူး။ ဗိုလ်ချုပ်ဟာ တိုင်းပြည်အတွက် ပြယုဂ်ဖြစ်တယ်။ တကယ်လည်း လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာ ကျနော်တို့ စဉ်းစားစရာတွေရှိလာတဲ့အခါမှာ ကနဦးမှာ ကျနော်တို့ ဆန္ဒခံယူခဲ့ရင်လည်း ကျနော်တို့က စိုက်ထူရေးကိစ္စကို လက်ခံခဲ့မှာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေမှာလည်း တစ်တိုင်းပြည်လုံးမှာ ဖြစ်တည်လာတဲ့ သမိုင်းဖြစ်စဉ်တွေ၊ ယဉ်ကျေးမှုလက္ခဏာတွေရှိကြတယ်"

ကြေးရုပ်ဖြစ်မြောက်ရေးအတွက် စပြီးဆောင်ရွက်စဉ်ကတည်းက ခန္တီးအခြေစိုက်တဲ့ နာဂအဖွဲ့အစည်းတွေကို တရားဝင်ဖိတ်ကြားတာ၊ သဘောဆန္ဒရယူတာတွေ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ခန္တီးမြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ တိုင်းဒေသကြီးအစိုးရက စီစဉ်တာဟာ မဟုတ်သလို နိုင်ငံရေးပါတီတစ်ခု တည်းက ဦးဆောင်တာလည်းမဟုတ်ဘူးလို့ သိရပါတယ်။

အရပ်ဖက်အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ စုပေါင်းပြီး ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီကို ၂ဝ၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးရဲ့ လွတ်လပ်ရေးခေါင်းဆောင်ဖြစ်ပြီး တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တာကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကို ခန္တီးမြို့မှာ ထားနိုင်ဖို့ ရပ်ရွာတွေထဲ အလှူငွေတွေကောက်ခံပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကိုအောင်ဆန်းမြင့်က ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို ရန်ကုန်မြို့မှာ သွန်းလုပ်တာဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့က ခန္တီးမြို့ကို ရောက်ရှိလာပြီဖြစ် ပါတယ်။ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ကြေးရုပ်ဖွင့်ပွဲကျင်းပဖို့ လျာထားတာဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။