ဗုံးတရားခံတွေ ဖော်ထုတ်ရေး KNU ပူးပေါင်းဆောင်ရွက်မည်

2013.10.18

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမြို့ကြီးတချို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ တရားခံတွေကို ဖော်ထုတ်ရာမှာ KNU ကရင်အမျိုးသားအစည်းရုံးအနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNU ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်က ဒီနေ့ ပြောလိုက်ပါတယ်။

“ အကြမ်းဖက်မှု ကျွန်တော်တို့ KNU အနေနဲ့ လက်မခံဘူးလေ၊ အစိုးရနဲ့ဆက်ပြီးတော့ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မှာပေါ့”

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအတွင်းက မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမူတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနက်ဖြန်နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကစတင်ပြီး ဖြူးမြို့နယ်က အဝေးပြေးယာဉ်တစ်စီးပေါ်မှာ လက်လုပ်ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့က တောင်ငူ၊ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက်နေ့က မန္တလေး၊ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ စစ်ကိုင်းမြို့နဲ့ မနေ့က နမ့်ခမ်းမြို့မှာ ဗုံးပေါက်ကွဲမူတွေ၊ ဗုံးရှာဖွေတွေ့ရှိတာတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို သွားရောက်နေတဲ့ ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ဒီရက်ပိုင်းဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ကေအဲန်ယူအဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုရှိမရှိ အသေအချာမသိရသေးကြောင်းနဲ့ တကယ်လို့ပါဝင်ကြောင်း တွေ့ရှိရမယ်ဆိုရင် တိတိကျကျအရေးယူမှာဖြစ်ကြောင်း အာဖက်အေကို ပြောပါတယ်။ ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။