ဗုံးခွဲအကြမ်းဖက်သမားတစ်ဦး ထပ်မံဖမ်းဆီးမိ


2013.10.16

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေကို ကျူးလွန်ခဲ့သူလို့ သံသယရှိသူနှစ်ဦးအနက်တစ်ဦးကို အောက်တိုဘာ ၁၆ ရက်နေ့ညက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ ကျန်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီနှစ်ဦးရဲ့ ရုပ်ပုံတွေကို မန္တလေးမြို့ ရွှေဘဲစားတော်ဆက်နဲ့ စစ်ကိုင်း ဆွမ်းဦးပုညရှင် စေတီတော်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေကရရှိခဲ့တာလို့ သိရပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့မှာ ရိုက်ကူးခဲ့တဲ့ လုံခြုံရေးကင်မရာမှတ်တမ်းတွေအရ အခုလို တွေ့ခဲ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီလူနှစ်ဦးဟာ နာရီ ၄ဝ ခန့်အကြာမှာ ပေါက်ကွဲအောင်ချိန်ကိုက်ထားတဲ့ ဗုံးတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက မန္တလေးမြို့ ရွှေဘဲစားတော်ဆက်နဲ့ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် စေတီတော်တွေမှာ ထောင်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်မှာ ဗုံးပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ဘီးလင်းမြို့မှာ ၁၅ ရက်နေ့က ဖမ်းဆီမိခဲ့သူ ၃ ဦးက ပြစ်မှုတွေကို ဝန်ခံထားတယ်လို့လည်း သိရပါတယ်။ အဲဒီ ၃ ဦးထဲက စောမြင့်လွင်ဆိုသူဟာ KNU ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ဝင်ဟောင်းဖြစ်ကြောင်း သတင်းတွေထွက်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံးကတော့ အခုဗုံးကွဲမှုတွေဟာ သူတို့နဲ့ ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီကိစ္စအတွက် အစိုးရက မကြာခင် သတင်းစာရှင်းပွဲပြုလုပ်မယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။