ပိတ်ဆို့မှု ဆိုင်းငံ့တာ မှန်ကန်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောဆို

မြန်မာအပေါ် ဥရောပသမဂ္ဂ အီးယူရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖယ်ရှားလိုက်တာ မဟုတ်ဘဲ ယာယီ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းက ကြိုဆိုလိုက်ပါတယ်။

2012.04.23
assk-david-cameron-1-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေစဉ်။
Photo courtesy of News and Information Department of NLD

မနေ့က Luxembourg နိုင်ငံမှာ ကျင်းပခဲ့တဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ အကူအညီတွေ ပိတ်ဆို့ထားတာကို ယာယီဆိုင်းငံ့ လိုက်ပါတယ်။ ဒါပေမဲ့ လက်နက် အရောင်းအဝယ်ပိတ်ဆို့မှုကိုတော့ ဆက်လက်ထားရှိမှာပါ။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ဟာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါတွေအတွက် နိုင်ငံတကာက ပြန်လည်တုံ့ပြန်တာ မှန်ကန်ပါတယ်။ ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေ နောက်ကြောင်းပြန်လှည့် မသွားသေးတာဟာ ပိတ်ဆို့မှုတွေကို အပြီးအပိုင် မရုပ်သိမ်းသေးဘဲ ယာယီဆိုင်းငံ့လိုက်လို့သာ ဖြစ်ပါတယ် လို့လည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းက ပြောဆိုပါတယ်။

အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi ကလည်း ပိတ်ဆို့မှုတွေ ယာယီဆိုင်းငံ့ပြီး တစ်နှစ်အကြာ ပြန်လည် သုံးသပ်တဲ့အခါ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ အခုထက် ပိုမို တိုးတက်လာတာကို တွေ့မြင်ရဖို့ အီးယူက မျှော်လင့်နေပါတယ်လို့ ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။