လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့ မည်

2014-10-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့  ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်း အတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံသားစုံတွဲဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ သတ်ဖြတ်ခံရမှုမှာ လူသတ်တရားခံ အစစ်အမှန်ကိုဖော်ထုတ်ပြီး၊ တရားဥပဒေအရ ပွင့်လင်းမှု၊ မျှတမှုရှိရှိ စီရင်ဆောင်ရွက်နိုင်အောင် စကော့တလန်ယာ့ဒ် စုံထောက်ရဲတပ်ဖွဲ့အနေနဲ့ ထိုင်းရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အီတလီနိုင်ငံမှာ တွေ့ဆုံမှု အတွင်း ရရှိခဲ့တဲ့ နှစ်ဖက်သဘောတူညီမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လန်ဒန်မြို့အခြေစိုက် Burma Democratic Concern အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ပြောပါတယ်။

"အီတလီနိုင်ငံမှာ သူတို့ဆွေးနွေးသွားမှာဆိုလို့ရှိရင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပုဂ္ဂိုလ်ရေး အရဝင်ရောက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အရမ်းကို စိုးရိမ်မကင်းတွေ့ခဲ့ရကြောင်းကို ပြောတာပါ၊ ဒါ့အပြင် ဗြိတိန်နိုင်ငံရဲ့အစိုးရအဖွဲ့အနေနဲ့ပေါ့နော် ရဲတပ်ဖွဲ့အနေနဲ့ ဝိုင်းဝန်းကူညီချင်တဲ့အကြောင်းကို လည်းပြောတယ်၊ ပြောတော့သူက သဘောတူတယ်၊ အဲ့ဒါကြောင့်ပဲ ဒီနိုင်ငံမှာရှိတဲ့ စကော့တလန်ယာ့ဒ် လို့ဆိုတဲ့စုံထောက်အဖွဲ့က ထိုင်းနိုင်ငံကို မကြာမီရက်ပိုင်းအတွင်းမှာ သွားရောက်ပြီးတော့ စုံစမ်း စစ်ဆေးတဲ့ဟာတွေကို သူတို့သွားလုပ်သင့်တဲ့ဟာတွေကို ကျနော်တို့ကြားရတယ်ခင်ဗျ၊ အထူး သဖြင့်တော့သူတို့ အဓိကပေါ့လေ စိတ်ပူတဲ့စိုးရိမ်တဲ့အချက်က ၂ ချက်ရှိပါတယ်၊ ၁ ချက်ကဘာလဲ ဆိုတော့ ဒီအန်အေလို့ခေါ်တဲ့ မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ဟာတွေ စစ်ဆေးဟာကို သူတို့အနေနဲ့ပိုမိုပြီးတော့ လွတ်လပ်ပွင့်လင်းပြီးတော့ ပိုမိုပြီးတော့ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးစေချင်တယ်၊ နောက်တစ်ခု ကတော့ ဒီစစ်ဆေးတဲ့အခါမှာ မျှမျှတတနဲ့ ဘက်လိုက်မှှုကင်းစွာ အဂတိကင်းစွာနဲ့ စစ်ဆေးစေချင်တယ် ဆိုတဲ့ အချက်တွေရှိတယ်"

ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အီတလီနိုင်ငံမှာ တွေ့ဆုံမှုအတွင်း လိပ်ကျွန်း က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက် ကူညီ စစ်ဆေး ခွင့်ပြုဖို့ သဘောတူညီခဲ့ပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်အရောက်မှာတော့ သူ့အနေနဲ့ အဲဒီလို ပြောဆိုခဲ့ တာ မဟုတ်ကြောင်း၊ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေကို လေ့လာသူအဖြစ်သာ ခွင့်ပြုသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ လန်ဒန်မြို့မှာရှိတဲ့ ထိုင်းသံအမတ်ကြီးကို ဗြိတိန်အစိုးရ အရာရှိတွေက ဆင့်ခေါ်သတိပေးတာမဟုတ်ဘဲ၊ ထိုင်းသံအမတ်ကြီးဘက်က စုံစမ်းဖော်ထုတ်နေမှု အခြေအနေတွေကို သွားရောက်ရှင်းပြခဲ့တာသာ ဖြစ်ကြောင်း၊ လူသတ်တရားခံတွေကို ထိုင်းရဲတွေက မြန်မြန်ဆန်ဆန်ဖော် ထုတ်လိုက်နိုင်တဲ့အတွက် ဗြိတိသျှအရာရှိတွေ တအံ့တသြဖြစ်သွားပုံရကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် က ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လန်ဒန်မြို့အခြေစိုက် Burma Democratic Concern အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့