ဘတ်ဂျက်စစ်ဆေးရေး ဖွဲ့စည်းဖို့အဆို လွှတ်တော်မှာ ပယ်ချ
2011.08.29
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
(Photo: AFP / MRTV)
အဆိုတင်သွင်းတဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ဘတ်ဂျက်လိုငွေ ပြတာ၊ သုံးစွဲတာနဲ့ ပတ်သက်ပြီး အချိန်ကာလ တရပ်အတွင်း ပြန်လည် ဖြည့်တင်းနိုင်အောင် ထိန်းချုပ် စောင့်ကြည့်သွားမယ့် အဖွဲ့တရပ် ဖွဲ့စည်းဖို့ အဆိုတင်ခဲ့ပေမယ့် ဝိုင်းဝန်းကန့်ကွက်တဲ့ဒဏ်ကို ခံလိုက်ရတယ်လို့ အာအက်ဖ်အေကို ပြောဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ခွဲဝေ သုံးစွဲနေသလဲ ဆိုတဲ့ အသေးစိတ်ကို ဆွေးနွေးခွင့် မရဘူးလို့လည်း သိရပါတယ်။
အခု ကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ အမတ်တွေ ဆွေးနွေး တင်ပြတာတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို အစိုးရသတင်းစာတွေမှာ ဖော်ပြခွင့်မရဘူးလို့ အစည်းအဝေး တက်ရောက်နေတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အမတ်တွေက ပြောဆိုနေကြပါတယ်။









