မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေး

မြန်မာနိုင်ငံမှာ အပြောင်းအလဲ တွေ့နေရပေမယ့် စစ်တပ်ထိန်းချုပ်မှုများတဲ့ နေရာတွေမှာ အခြေခံကျတဲ့ အပြောင်းအလဲမတွေ့ရဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရင်အတိုင်း ဆက်ပေါ်ပေါက်နေသေးတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အကြီးတန်းသုတေသီ မစ္စတာ ဒေးဗစ်မက်သီဆင် (David Mathieson) က ပြောလိုက်ပါတယ်။

2012.02.23
David-Mathieson-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ( HRW) အကြီးတန်းသုတေသီ မစ္စတာ ဒေးဗစ်မက်သီဆင်(ယာ)က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ၎င်း၏အတွေ့အကြုံကို ရှင်းလင်းနေစဉ်။
RFA

ဒေးဗစ် မက်သီဆင်ဟာ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက် လေ့လာခဲ့ပါတယ်။ မနေ့က ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ သူ့ခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲမှာ မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ အဖွဲ့တွေဘက်ကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထိန်းသိမ်းဖို့ လိုအပ်နေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် တွန်းအားပေးရမှာ ဖြစ်ကြောင်း၊ ဒီအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကို အကျဉ်းထောင်တွေထဲ ဝင်ရောက် စစ်ဆေးခွင့်ပြုပြီး နိုင်ငံရေး အကျဉ်းသားစာရင်း အတိအကျ ရရှိအောင် ကြိုးပမ်းဖို့ လိုအပ်ကြောင်း ဒေးဗစ်မက်သီဆင်က ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်မြို့အခြေစိုက် သံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့တွေ၊ ကချင်ပြည်နယ်အတွင်း လှုပ်ရှားဆောင်ရွက်နေကြတဲ့ လူမှုရေးအဖွဲ့တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ပြည်တွင်း သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ခရီးစဉ် အတွေ့အကြုံအရ အရင်က ထုတ်ဖော် မပြောဆိုရဲခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခုဆိုရင် လူတော်တော်များများက ပြောရဲဆိုရဲလာကြတာ တွေ့ရသလို၊ စစ်တပ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင်က ပြောဆိုလာတာ တွေ့ရတယ်လို့ ပြောပါတယ်။ အရင်က မဖော်ပြနိုင်တဲ့ သတင်းမျိုးတွေကို အခုဆိုရင် ထုတ်ဖော်ရေးသား ပြောဆိုခွင့် ရလာတာ တွေ့ရတဲ့အတွက် သတင်းမီဒီယာရဲ့အပြောင်းအလဲကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက ဖြစ်ပေါ်ပြောင်းလဲမှုတွေ ရပ်တန့် မသွားအောင် စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဒေးဗစ် မက်သီဆင်က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။