သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အစိုးရသစ် ပေါ်ပေါက်ရေး အင်ဒိုနီးရှား ပြောဆို
2011.01.15
မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း (ဝဲစွန်) နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဖြစ်ကြသော ကမေႝာဒီးယားမှ မစ္စတာ ဟော်နမ်ဟုန် (ဝဲ မှ ဒုတိယ)၊ စင်ကာပူမှ ဂျော့ချ် ယော (ယာမှ ဒုတိယ)၊ လာအိုမှ သောင်လုန် စီဆိုလစ် (ယာစွန်) တို့ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေးမစမီ ၂ဝ၁ဝ ခုနှစ် ဇူလိုင် ၂၀ ရက်က စကားပြောနေစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာစီယံ နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးက အခုလို ပြောလိုက်တာပါ။ အာစီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ သုံးရက်ကြာ အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံမှာ ဒီကနေ့ စတင် ကျင်းပနေပါတယ်။ ဒီအစည်းအဝေးအတွင်းမှာ တောင်တရုတ်ပင်လယ် အငြင်းပွားမှု ကိစ္စနဲ့ မြန်မာနိုင်ငံ အရေးကိစ္စတွေဟာ အဓိက စိတ်ဝင်တစား ဆွေးနွေးကြမယ့် အကြောင်းအရာတွေ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား ညွှန်ကြားရေးမှူးက မနေ့က ပြောဆိုရာမှာ မြန်မာ့အရေးကို အာစီယံအနေနဲ့ အခုနှစ်အတွင်း အပြီးအပြတ် ဖြစ်စေလိုကြောင်း၊ ဒါပေမယ့် ရွေးကောက်ပွဲ မဝင်တဲ့သူတွေ အပါအဝင် အားလုံးပါဝင်နိုင်မယ့် အစိုးရသစ်တရပ် အရင်ဆုံး ဖွဲ့စည်းဖို့ လိုအပ်ကြောင်း ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အခုနှစ်အတွက် အာစီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတာဖြစ်ပြီး မြန်မာနိုင်ငံ အရေး ကိစ္စကို မိမိတို့ အာစီယံဥက္ကဋ္ဌတာဝန် သက်တမ်းအတွင်းမှာပဲ ပြီးပြတ်အောင် ဖြေရှင်းချင်တဲ့ ဆန္ဒ ရှိကြောင်း အင်ဒိုနီးရှား သံတမန်တွေက ပြောကြပါတယ်။ ဘယ်လိုပဲ လိုအပ်ချက်တွေ ရှိနေတယ်ဆိုဆို အထွေထွေ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ပြဿနာဟာ ဖြေရှင်းလို့ ပြီးလုနီးပါး ဖြစ်သွားပြီလို့လည်း အင်ဒိုနီးရှား သံတမန်တွေက ပြောဆိုပါတယ်။









