ရောင်းစားခံ မြန်မာ ၂၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ကယ်တင်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ လှေလုပ်သားတွေအဖြစ် အလုပ်လုပ်ဖို့ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၂၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းနဲ့ ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ကယ်တင်နိုင်ခဲ့ကြပါတယ်။

2012.04.24
migrant_workers_A_305_z ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

သူတို့တွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ပွဲစားနဲ့ ထွက်လာခဲ့ရာက ဘန်ကောက်မြို့တော် မရောက်ခင် မဟာချိုင်ကနေ လူပွဲစားက လှေပေါ်ကို ရောင်းစားတာကို ခံလိုက်ရတာ ဖြစ်ကြောင်းသိရပါတယ်။

အဲဒီထဲက ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာက အသက် ၁၆ နှစ်အရွယ် မောင်အရုတ် ခေါ် ကရင်လေးဆိုသူက လှေပေါ်ကနေ ထွက်ပြေး လွတ်မြောက်ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းကို ဆက်သွယ်ပြီး လှေပေါ်မှာ ကျန်ရှိနေသေးတဲ့ လူ ၂၀ ကို ကယ်ထုတ်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ သူဟာ ကမ်ဖဲ ဆိုတဲ့နေရာမှာ ငပိတင်တဲ့အချိန် လှေကနေ ထွက်ပြေး လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေဟာ ချွန်ဘူရီခရို်င်၊ အချောင်ဆိုတဲ့ လှေဆိပ်က အိမ်ထဲမှာ ပိတ်လှောင်ခံရပြီး လှေပေါ်တက် အလုပ်လုပ်လုပ်ချိန်ကျမှ အပြင်ထွက်ကြရသလို လှေကပြန်လာတာနဲ့ ပြန်ပြီး ပိတ်လှောင်ခံထားရတဲ့ အကြောင်း ပြောပြပါတယ်။

ချွန်ဘူရီခရိုင်က ငါးဖမ်းလှေတွေမှာ မြန်မာနိုင်ငံသားတွေကို အများအပြား တွေ့ခဲ့ရပေမဲ့ အခုလို အချက်အလက် အထောက်အထားတွေ ပေးနိုင်တဲ့ သူတွေကိုသာ ကယ်ထုတ်နိုင်ခဲ့တာလို့လည်း သိရပါတယ်။

အခု ကယ်တင်နိုင်ခဲ့သူတွေထဲမှာ ထန်းတပင်မြို့နယ်က မောင်အရုပ် (ခေါ်) ကရင်လေး အပြင် ကုလားကြီး (ခေါ်) ဇင်ကိုနိုင်၊ ဘန်ကောက်ကနေ မဟာချိုင်ကိုအလည်သွားတဲ့ ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသူ မောင်စိုးနိုင်ဆိုတဲ့ လူငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။