ကောလင်းမြို့နယ် ဇီးဖြူကုန်းနဲ့ လျှော်ကုန်းရွာက နေအိမ် ၆၀ မီးရှို့ခံရ

RFA Burmese
2022.12.12
ကောလင်းမြို့နယ် ဇီးဖြူကုန်းနဲ့ လျှော်ကုန်းရွာက နေအိမ် ၆၀ မီးရှို့ခံရ မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဇီးဖြူကုန်းရွာမှ နေအိမ်အချို့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဇီးဖြူကုန်းရွာနဲ့ လျှော်ဖြူကုန်းရွာကို ဒီဇင်ဘာလ ၁၀ ရက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်အလုံး ၆၀ ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးဖြူကုန်းရွာက နေအိမ် ၄၃ လုံးနဲ့ လျှော်ဖြူကုန်းရွာက နေအိမ် ၁၇ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဇီးဖြူကုန်းရော၊ လျှော်ဖြူကုန်းရော မီးထဲပါတဲ့အိမ်တွေက အိမ်တိုင်ပဲ ကျန်ခဲ့တာ၊ အကုန်လောင်တာပေါ့။ သစ်အိမ်တွေပိုများတော့ မီးက လောင်စာကောင်းပြီးလောင်တာ။ စစ်ကြောင်းက ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းကျတော့ ပြန်ထွက်သွားပါတယ်"

အိမ်ခြေ ၈၀ ကျော်ရှိတဲ့ ဇီးဖြူကုန်းရွာက အရပ်သား ၂၀၀ ဝန်းကျင်နဲ့ အိမ်ခြေ ၉၀ ကျော် ရှိတဲ့ လျှော်ဖြူကုန်းရွာက အရပ်သား ၃၀၀ နီးပါးဟာ စစ်ကောင်စီတပ်သားတွေ ရွာအတွင်း ဝင်ရောက်ချိန်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အခုတော့ စစ်ကောင်စီတပ်သားတွေ မရှိတော့တဲ့အတွက် သူတို့ရွာတွေမှာပဲ ပြန်လည် နေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူရဲ့တပ်ဖွဲ့ဝင်တွေ နေအိမ် မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ဒီနှစ် သြဂုတ်လအတွင်းက ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ Data for Myanmar အဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်က နေအိမ် ၂၇,၄၉၆လုံး မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။