ကင်းမရွာ မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုလို့ ပညာရှင်တွေ ပြောကြား

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-06-16
Share

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ ကင်းမရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇွန်လ ၁၅ ရက်ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ခဲ့ရာမှာ သက်ကြီးရွယ်အို လေးဦး မီးလောင်သေဆုံးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန် အများအပြားနဲ့အတူ အိမ်ခြေ ၂၅ဝ ခန့်လည်း ပျက်စီးခဲ့ပါတယ်။

အခုလို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက မကွေးတိုင်းရှိ ကင်းမရွာကို မီးရှို့လို့ လူ ၄ ဦးသေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Dan Chugg ဒန်ချက်က စစ်တပ်ဟာ ကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပြီး မြန်မာပြည်သူတွေအပေါ် အလေးထားခြင်းမရှိကြောင်း ထပ်လောင်းဖော်ပြနေတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

"လူသားမျိုးနွယ်တွေ ရွာလုံးကျွတ် မီးရှို့တာ ရခိုင်မှာလည်း ဖြစ်ခဲ့တယ်။ အခုလည်း “ကင်းမ” ဆိုတဲ့ ဗမာရွာကြီးကို မီးနဲ့ရှို့ပစ်တာ"

NUG အမျိုးသားညွန့်ပေါင်းအစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း အခုလို ဖျက်ဆီးသတ်ဖြတ်မှုတွေဟာ အာဏာရှင်စနစ်ရဲ့ သရုပ်မှန်ပဲလို့ RFA ကိုမနေ့ညကပြောပါတယ်။

“မင်းအောင်လှိုင်ရဲ့ သောင်းကျန်းသူ စစ်တပ်တွေက ရွာက အိမ်ခြေ ၂၅ဝ ကျော်ကိုမီးရှို့ပြီး အဲဒီမီးရှို့တဲ့ထဲမှာ အသက်ပါသွားတဲ့ လူကြီး ၄ ဦး ရဲ့ ဘဝအတွက်dr-lyanmon.jpg ကျနော်တို့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ အခုလို ရွာသားတွေကို သတ်ဖြတ်၊ ရွာတွေကို မီးရှို့၊ တောင်သူလယ်သမားတွေ ယာမလုပ်နိုင်အောင်၊ လယ်မလုပ်နိုင်အောင် သူတို့ဘဝကိုဖျက်ဆီး ထွက်ပြေးအောင်လုပ်၊ မင်းအောင်လှိုင်ရဲ့ သောင်းကျန်းသူ စစ်တပ်တွေ ရှိနေသမျှ ကျနော်တို့ ဒီဘဝက မကျွတ်သေးပါဘူး။ ကျနော်တို့အားလုံး ဝိုင်းပြီးတော့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ကြိုးစား တိုက်ပွဲဝင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ စစ်အာဏာရှင်ကြီး ကျဆုံးပါစေ၊ ကျနော်တို့ ဒီမိုကရေစီ အရေးတော်ပုံကြီး အောင်မြင်ရမယ်၊ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ရမယ် အဲဒီအတွက် ကျနော်တို့အားလုံး လက်တွဲပြီး ဝိုင်းဝန်း ကြိုးစားကြရအောင်လို့ ကျနော် တိုက်တွန်းချင်ပါတယ်။”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတဦးကလည်း ဒီကိစ္စကို NUG အစိုးရအနေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးကို တိုင်တန်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။

“စစ်ဖြစ်တဲ့အချိန်မှာ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတာ လက်နက်ကြီးနဲ့ ထုတာ လောင်ချာတွေနဲ့ပစ်တာက စစ်ရာဇဝတ်မှုတွေပဲ။ နောက်တခါ အရပ်သားတွေကို ထောက်ပံ့ဖို့လာတဲ့ ယာဉ်တန်းတွေကို တိုက်ခိုက်တာ အလှူရှင်တွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာ ဒါတွေအကုန်လုံးက စစ်ရာဇဝတ်မှုပဲ။ ICC နဲ့ ICJ ကို တင်ရမှာ။ ရောမသဘောတူစာချုပ်မှာ ဗမာနိုင်ငံ လက်မှတ်ထိုးမထားတာ မှန်တယ် ဒါပေမဲ့ ရောမစာချုပ် အပိုဒ် ၄ အပိုဒ်ခွဲ ၂ အရ အထူးအခြေအနေမှာ Special agreement ကို လုပ်ကိုင်ခွင့်မူအရ Non-signatory နိုင်ငံကို ဝင်ရောက်ခွင့် ရှိတယ်။ ဒီမှာ Special agreement လုပ်ခွင့်ရှိတာက CRPH နဲ့ NUG ဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄/၈၁ အရ သူတို့သည် လေးပုံတစ်ပုံကျော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အာဏာ လွှဲအပ်ထားခြင်းဖြစ်တဲ့အတွက် ရောမ သဘောတူစာချုပ် အပိုဒ် ၄ အပိုဒ်ခွဲ ၂ အရ Special agreement လုပ်ခွင့်ရှိပါတယ်။ သူတို့ကသာတင်ပြရင် ဒါတွေအကုန်လုံးသည် crime against humanity မဟုတ်တော့ဘူး war crime စစ်ရာဇဝတ်မှုတွေ ဖြစ်ကုန်မှာ”

kingma-villagee.jpg
ကင်းမရွာက မီးလောင်ပြာကျတဲ့ နေအိမ်များ။(Photo: AFP)



တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း စကစ လက်အောက်ခံစစ်တပ်ဟာ ဒီလိုလူမဆန်မှုတွေကို နှစ်များစွာ ပြုကျင့်နေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ရခိုင်မှာ “တင်းမ” ဆိုတဲ့ရွာဖြစ်တုန်းက ဗမာပြည်သူလူထုက မသိလိုက်ရဘူး။ သတင်းတွေမှောင်ချထားတော့။ အဲလောက် နာရမှန်းလည်း မသိဘူးပေါ့။ တကယ်ကျတော့ အဖြစ်အပျက်ချင်းက လူသားတွေပဲ အတူတူပဲ ရခိုင်လည်းအတူ ဗမာလည်းအတူပဲ။ လူသားမျိုးနွယ်တွေ ရွာလုံးကျွတ် မီးရှို့တာ ရခိုင်မှာလည်း ဖြစ်ခဲ့တယ်။ အခုလည်း “ကင်းမ” ဆိုတဲ့ ဗမာရွာကြီးကို မီးနဲ့ရှို့ပစ်တာ။ ဒီနေ့ဆို ဗြိတိသျှသံရုံးကတောင် ကြေညာချက် ထုတ်ရတယ်။ ဒါကြီးက လူတွေရော တိရိစ္ဆာန်တွေရော အကုန်သေတာဗျာ။ တော်တော့ကို ဆိုးလွန်းအားကြီးတယ်။ ကမ္ဘာကြီးက ဒီကိစ္စကို မျက်စိမှိတ် မနေသင့်ဘူး။ ဒါ ကမ္ဘာ့ခုံရုံးတောင် တင်လောက်တဲ့ အထောက်အထားပဲ။”

CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံရေး အထူးကိုယ်စားလှယ် ဦးထင်လင်းအောင်က ဒီကိစ္စကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ တင်ပြမယ်လို့ ပြောပါတယ်။

“ဒါတွေကိုတော့ နိုင်ငံတကာသိအောင် တင်ပြသွားမယ်၊ ဒါက criminal ပဲ ရာဇဝတ်မှုပဲ။ ရွာတရွာလုံးကို မီးရှို့တယ်၊ပြီးတော့ ရွာထဲမှာ ကျန်နေတဲ့ တိရိစ္ဆာန်တွေကိုu htin lin aung.jpg သတ်ဖြတ်ပြီး စားသောက်တယ်။ အဆိုးဆုံးကတော့ သက်ကြီးရွယ်အိုတွေ မပြေးနိုင်တဲ့ သူတွေက မီးထဲမှာ ပါသွားတယ်။ ဒါတွေက တော်တော် အကျည်းတန် ရုပ်ဆိုးစေတဲ့ ကိစ္စဖြစ်တယ်ဆိုတော့ ကမ္ဘာသိအောင် ကျနော်တို့ ချပြသွားမယ်။ ကမ္ဘာကြီးကလဲ ဒါကို ကြည့်နေမှာ မဟုတ်ပါဘူး သူတို့ကို အရေးယူသွားမှာပါ။”

CRPH အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ကလည်း....

“လူသတ်တာတွေ၊ အဓမ္မလုပ်အားပေး ခိုင်းစေတာတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် မုဒိမ်းကျင့်ပြီး သတ်ဖြတ်တာမျိုးတွေဟာ အစီရင်ခံစာတွေလဲ ဟိုတချိန်တုန်းက ထုတ်ခဲ့ဖူးတယ်။ အဲဒီတော့ စစ်တပ်က ခုထက်ထိ အရင်က အကျင့်ဆိုးတွေ၊ စနစ်ဟောင်းမှာ ပါလာတဲ့ အမူအကျင့်ဆိုးတွေကို လုံးဝမစွန့်လွှတ်သေးဘူး။ ပြည်သူတွေအပေါ် ရန်လိုတဲ့သဘောထားနဲ့ ဆက်ဆံနေတုန်းပဲဆိုတာ ဒီဖြစ်ရပ်က ပြနေတယ်လို့ ကျနော်မြင်တယ်။”

အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့ထိပ်သီးနိုင်ငံ ၇ ခုရဲ့ ဇွန်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်းနဲ့ လိုအပ်တဲ့အရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့