ဘူးသီးတောင် လက်နက်ကြီးပစ်ခတ်မှုမှာ ဒေသခံ နှစ်ဦးသေ၊ ခုနှစ်ဦး ဒဏ်ရာရ

ဝေယံမိုးမြင့်
2020.01.25
kintaung-village-attack-622 ၂၀၂၀ ဇန်နဝါရီ ၂၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်တာကြောင့် ဒဏ်ရာရခဲ့သူတွေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဘူးသီးတောင်မြို့နယ် ကင်းတောင် မွတ်စလင်ကျေးရွာမှာ ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

တစ်နေရာကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် သုံးလုံးမှာ တစ်လုံးက ကျေးရွာနေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ ကင်းတောင်ကျေးရွာ ရာအိမ်မှူး ဦးဂျူပိုင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့အခြေအနေမကြားရဘူး။ လက်နက်ကြီးတစ်လုံး ရွာထဲကျ ဆုံးသွားတဲ့အိမ်ကို ကျတယ်။ ကျန်တဲ့ နှစ်လုံးက ဆယ်ရပ်ပြင်တောင်ဘက်မှာ ကျတယ်။ ကျနော်တို့က အသံပဲကြားတယ် ဘယ်က ပစ်တယ်ဆိုတာ မသိရဘူး။”

သေဆုံးသူ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူထဲမှာ အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး၊ သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ပါဝင်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုးမဟုတ်ဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ကြားသိရပြီး ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးက မလုပ်သင့်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“တိုက်ပွဲမရှိပဲ ဒီလိုပဲဖြစ်နေတာ ကြားတယ်၊ ဟိုတစ်လောက ထိပ်ထူးပေါက်မှာဖြစ်တယ် အခုလည်းဖြစ်တယ်။ တိုက်ပွဲမရှိရင်လည်း ဒီလိုပဲ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်ဆိုတာ ကြားတယ်၊ အဲ့ဒါနဲ့ မတော်တဆ လက်နက်ကြီးက ကျသွားတာ။ လက်နက်ကြီးနဲ့ပစ်တဲ့သူမှာ တာဝန်ရှိတယ်။ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်နေတဲ့သဘော၊ ဒါနောက်မဖြစ်အောင် ထိန်းသိမ်းရမှာပေါ့။”

တပ်မတော်ဘက်ကတော့ ကင်းတောင်ကျေးရွာအနီးက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူထားတဲ့ ဖုန်ညိုလိပ်တံတားကို AA က ပစ်ခတ်ခဲ့တဲ့အတွက် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလိုပတ်ခတ်ရာမှာ AA ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကင်းတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်  ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း“ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်တံတား ဒီနေ့မနက် ၁နာရီနဲ့ ၁ နာရီခွဲအကြားမှာ စခန်းရဲ့ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ လောက်အကွာကနေ နှစ်နေရာခွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ အဲဒီတံတားမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဓိက လုံခြုံရေးယူထားတာဖြစ်ပါတယ်။ ရန်သူရှိတဲ့ အရှေ့မြောက်ဘက်ကို ပြန်ပစ်ခတ်ခဲ့တယ်။ AA အကြမ်းဖက်သောင်းကျမ်းသူတွေက တံတားကို ပစ်ခတ်ရာကနေ သူတို့နဲ့ မျက်နှာချင်းဆိုင်က ကင်းတောင်ကျေးရွာကို ပစ်ခတ်ပါတယ်။”

၂၀၁၉ ခုနှစ် ဒီဇင်ဘာလနဲ့  ၂၀၂၀ ဇန်နဝါရီလတွေအတွင်း AA အဖွဲ့က ဖုန်ညိုလိပ်တံတားကို  နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှု ငါးကြိမ်လောက် လုပ်ဆောင်ခဲ့တယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကတော့ ဒီနေ့မနက်က အဲ့ဒီနေရာမှာ တိုက်ပွဲဖြစ်တာ မရှိခဲ့ကြောင်းနဲ့ တပ်မတော်ဘက်က တစ်ဖက်သတ် ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်ခဲ့ရတာလို့ ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ“အဲ့ဒီနေရာမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ ကျနော်တို့ဘက်က သွားပစ်ခတ်တာလည်းမရှိဘူး။ မြန်မာစစ်တပ်ဘက်က သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ချင်လို့ AA ဘက်က ပစ်ခတ်တာကို ပြန်ပစ်ရပါတယ်ဆိုပြီး အဲဒီလိုဆင်ခြေပေးပြီး ပြည်သူလူထုကို သူတို့စစ်ရာဇဝတ်မှု ကျူးလွန်နေတာ အတော်ကြာနေပြီ။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ရွာထဲက နေအိမ်တစ်လုံးကို သေနတ်ကျည်ကျရောက်လို့ အသက် ခုနှစ်နှစ်အရွယ် ကလေးတစ်ဦး ယာဘက်ခြေထောက်မှာ ကျည်ထိမှန် ဒဏ်ရာရသွားပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေ မရှိပဲထိခိုက်ခဲ့ရတယ်လို့ အရပ်သားတွေဘက်က စွပ်စွဲပြောဆိုပေမယ့် တပ်မတော်ဘက်က AA ကပစ်လို့ တိုက်ပွဲဖြစ်ပွားတာလို့ ပြောဆိုထားပြီး AA ဘက်ကတော့ တိုက်ပွဲဖြစ်တာမရှိသလို သူတို့ဘက်က ပစ်ခတ်တာလည်းမရှိကြောင်း ပြောဆိုနေကြတာဖြစ်ပါတယ်။

AA အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဇန်နဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၉ ရက်နေ့ အထိ နှစ်လကြာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားပေမယ့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း အရပ်သား သေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကနေ ဒီနေ့အထိ အချိန် နှစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်နဲ့ သေဆုံးသူ ကိုးဦးထက်မနည်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။