ဘူးသီးတောင်မှာ ဆယ်အိမ်မှူး လုပ်ကြံခံရ၊ ရာအိမ်မှူး ပျောက်ဆုံးနေ

2017-05-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘူးသီးတောင် မြို့အဝင်ကို တွေ့ရစဉ်
ဘူးသီးတောင် မြို့အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စု ပုဇွန်ချောင်းကျေးရွာက ဆယ်အိမ်မှူး တစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရပြီး ရာအိမ်မှူးတစ်ဦး ပျောက်ဆုံးနေပါတယ်။

ဒီနေ့ မနက် ၃ နာရီလောက်အချိန်က အမည်မသိလူအုပ်စုတစ်ခုက ရွာထဲကိုဝင်ရောက်လာပြီးတော့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောပါတယ်။

"၃ နာရီမှာ ကျနော်တို့ ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စု ပုဇွန်ချောင်းကျေးရွာ အဲဒီရွာကိုပေါ့ သူတို့ရွာထဲကို အဖွဲ့တစ်ဖွဲ့ကဝင်ရောက်လာပြီးတော့ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူး နှစ်ဦးကို ဖမ်းဆီးသွားတာပေါ့လေ၊ သူ့အိမ်ရဲ့အရှေ့တောင်ဘက် ကိုက် ၃ဝ ခန့်မှာလေ လည်ပင်းလှီးပြီးတော့ သတ်ဖြတ်ခဲ့တယ်ပေါ့၊ ရာအိမ်မှူးကတော့ ပျောက်ဆုံးဆဲဖြစ်ပါတယ်"

ဒီနေ့မနက်က သတ်ဖြတ်မှုနဲ့ ပျောက်ဆုံးမှုဟာ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဦးကျော်မင်းထွန်း က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စု သဲနီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညက ပေါက်ကွဲ မှုတစ်ခုဖြစ်ခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့ကနေ အခုနှစ် မေလ ၈ ရက်နေ့အထိ အရပ်သား ပြည်သူ ၃ဝ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ပျောက် ဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့