ဘူးသီးတောင်မှာ ကလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ


2020.01.20
buthidaung-injure-622.JPG ခြေထောက်မှာ သေနတ်ကျည်ဆန်ထိမှန်ခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာက ကလေးငယ်တစ်ဦးကို ၂၀၂၀၊ ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: MP Oung Thaung Shway

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ ဒီနေ့မနက် ၄ နာရီ လောက်က ရွာထဲကနေအိမ်တစ်လုံးကို သေနတ်ကျည်ကျရောက်လို့ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး ယာဘက်ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရသွားပါတယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့ မိန်းကလေးငယ်ဟာ မဇာနိုကာဖြစ်ပြီး ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ကလေးရဲ့အဖေ ဦးရော်ဖီးကတော့ မိသားစုအိပ်ပျော်နေစဉ် သုံးဆယ့်တစ်ဘုံဘုရားအနီးမှာ တပ်စွဲထားတဲ့ တပ်မတော်က ပစ်ခတ်လိုက်တဲ့ကျည်ဟာ သူ့ရဲ့သမီးလေးဆီ ထိမှန်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“စစ်သားတွေက သုံးဆယ့်တစ်ဘုံစေတီကနေ ပစ်တာပါ။ ကလေးကအိပ်နေတာ အဲဒါ မနက် ၄ နာရီလောက်မှာ ကျည်ကျလာလို့ ကလေးဆီ ထိသွားမှ ကျွန်တော်တို့သိတာ။ အခုတော့ ဘူးသီးတောင် ဆေးရုံမှာပါ”

တပ်မတော်ကပစ်ခတ်တဲ့ကျည်လို့ ဘာကြောင့်ပြောနိုင်တာလဲလို့ ဦးရော်ဖီးကို RFA က မေးမြန်းရာမှာ သေနတ်ပစ်သံ သုံးချက်စလုံးဟာ သုံးဆယ့်တစ်ဘုံဘုရားအနီးဘက်ကနေ ထွက်ပေါ်လာခဲ့တာကြောင့် အဲဒီနေရာမှာ တပ်စွဲထားတဲ့ တပ်မတော်က ပစ်ခတ်တယ်ဆိုတာကို သူ့အနေနဲ့ယုံကြည်တာလို့ ပြောပါတယ်။

ဆင်သေပြင်မွတ်စလင်ကျေးရွာဟာ တပ်မတော်စစ်ကြောင်းရှိတဲ့ သုံးဆယ့်တစ်ဘုံဘုရားရဲ့ မြောက်ဘက် သုံးဖာလုံခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။

ကလေးကို ကျည်ထိမှန်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အဲဒီတပ်မတော်စစ်ကြောင်း တာဝန်ရှိသူက မိသားစုကိုခေါ်ပြီး ဒီနေ့မနက်က စုံစမ်းမေးမြန်းရာမှာ တပ်မတော်က ပစ်ခတ်တဲ့ကျည် ထိမှန်တာလို့ ဦးရော်ဖီးက ပြောဆိုခဲ့ပေမယ့် တပ်မတော်ဘက်ကတော့ သူတို့ပစ်ခတ်တာ မရှိဘူးလို့ ငြင်းဆိုလိုက်ကြောင်း ဦးရော်ဖီးက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက အဲဒီနေရာမှာ ဒီနေ့တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။AA ပြောခွင့်ရသူ ခိုင်သုခ

“အဲဒီသုံးဆယ့်တစ်ဘုံဘက်မှာတော့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ် တာ လုံးဝမရှိဘူးဗျ။ ဗမာစစ်တပ်ဘက်ကတော့ သူတို့ နေ့စဉ်နေ့ တိုင်း ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာပေါ့နော်။ လက်နက်ငယ် တွေနဲ့ ပစ်တာတွေရှိတယ်။ နောက်လက်နက်ကြီးနဲ့ ပစ်တာတွေ လည်းရှိတယ်။ သူတို့က တောက်လျှောက် ရမ်းသမ်းပစ်ခတ် မှုတွေကို လုပ်နေတာ။ တိုက်ပွဲဖြစ်တာတော့ လုံးဝမရှိဘူးဗျ။ အခု ဒီမွတ်စလင် အမျိုးငယ်တစ်ယောက် ကျည်ထိမှန်တယ် ဆိုတဲ့ ဥစ္စာကလည်း မြန်မာစစ်တပ်ကနေပြီးတော့ ရမ်းသမ်းပစ်တဲ့ ကျည်ဆံပဲဖြစ်ပါလိမ့်မယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဒီနေ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ စစ်ရေးနဲ့မဆိုင်တဲ့ ဒေသခံတွေဟာ လုံခြုံမှုမရှိဘူးဖြစ်နေတယ်လို့ ပြောပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးဖို့ သက်ဆိုင်ရာအကြီးအကဲတွေက အောက်ခြေတပ်ဖွဲ့တွေကို ထိထိရောက်တဲ့ ညွှန်ကြားမှုတွေ လုပ်ဖို့လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ

“တိုက်ပွဲမှာ လက်နက်ကိုင်ပြီး တိုက်နေတဲ့လူတွေက လူ့အခွင့် အရေးနဲ့အညီပေါ့နော်၊ ကျွန်တော်တို့အရပ်သားတွေကို အကာ အကွယ်ပေးဖို့ လိုအပ်တယ်။ မလိုအပ်ဘဲနဲ့ ဒီလိုအရပ်သားဘက်ကို ဒီလိုပစ်နေတာတို့ မလုပ်ဖို့အတွက် လိုအပ်တာပေါ့။ ဒီအောက်ခြေ ကလူတွေက ဒီလိုအပေါ်က ညွှန်ကြားထားတွေကို မလိုက်နာဘူး လို့ပြောလို့ ရတာပေါ့။ ဘယ်အဖွဲ့တွေက ဘယ်လိုလုပ်နေလဲဆိုတာ ဒီထိခိုက်ခံနေရတဲ့ လူတွေက အသိဆုံးဖြစ်နေတယ်။ ဒါကြောင့် ဒီလူတွေရဲ့စိတ်ထဲမှာ ကာကွယ်မှုရအောင် အပေါ်ကလည်း အောက်ခြေကလူတွေကို ထိထိရောက်ရောက် ညွှန်ကြားဖို့လို တာပေါ့”

တပ်မတော် ပြောခွင့်ရသူတွေဘက်ကတော့ တပ်မတော်ဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းတွေအရ တိတိကျကျဆောင်ရွက်နေတာဖြစ်ပြီး အရပ်သားတွေကို ထိခိုက်အောင်မလုပ်ဘူးလို့ ပြောဆိုထားကြပါတယ်။


ပြီးခဲတဲ့နှစ် အောက်တိုဘာလ ၈ ရက်နေ့ကလည်း အဲဒီဆင်သေပြင်ကျေးရွာက အသက် ၇၀ ဝန်းကျင်အရွယ် လူကြီးတစ်ဦးဟာ ပုစွန်ကန်ကိုငါးရှာသွားစဉ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ဒီဆင်သေပြင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ်ခတ်ခံရလို့ နေအိမ်တွေ မီးလောင်သွားတာ၊ အမျိုးသမီးအချို့ ထိခိုက်ဒဏ်ရာရတာ၊ တစ်ခါတစ်ခါ ရွာအနီးမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်လို့ ရွာသားတွေ အခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေတဲ့ရွာဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း အရပ်သား သေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းမှာလည်း ပြီးခဲ့တဲ့ဇန်နဝါရီ ၅ ရက်ကနေ ဒီနေ့အထိ အချိန် နှစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်နဲ့ သေဆုံးသူ ကိုးဦးထက်မနည်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။