NLD ပါတီမဲဆွယ်ရာမှာ နိုင်ငံ့အကြီးအကဲပုံတွေ အသုံးပြုမှုှု USDP တိုင်ကြား

2018-09-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်း ၂၀၁၈ စက်တင်ဘာ ၁၉ ရက်နေ့က မဲဆွယ်နေစဉ်
တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်း ၂၀၁၈ စက်တင်ဘာ ၁၉ ရက်နေ့က မဲဆွယ်နေစဉ်
Photo: Yangon Information Committee NLD

လက်ရှိအာဏာရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေ အသုံးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့အပေါ် ကန့်ကွက်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်လိုက်ပါတယ်။

ရန်ကုန်တိုင်း တာမွေမြို့နယ်က NLD ကိုယ်စားလှယ်လောင်း မဲဆွယ်ရာမှာ သမ္မတပုံနဲ့  နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုပြီး မဲဆွယ်တာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် ကန့်ကွက်လွှာ ပေးပို့လိုက်တာလို့ တာမွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄၊ နောက်ထပ် ပုဒ်မ ၂၃၂ (ဋ)၊ နောက်တခါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ ထုတ်ပြန်ထားတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (ည)၊ အဲဒီအချက်တွေ ဥပဒေတွေနဲ့ ငြိစွန်းနေတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ကန့်ကွက်ပြီး တိုင်ကြားတာပါ”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ နဲ့ ပုဒ်မ ၂၃၂ (ဋ) မှာ… နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ရင် သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီး ရွေးကောက်တင်မြှောက် ခန့်အပ် ခံရတဲ့နေ့ကစပြီး ပါတီလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ ဖော်ပြထားပါတယ်။

တာမွေမြို့နယ်က NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်းကတော့… အခုလို ဓာတ်ပုံသုံးပြီး မဲဆွယ်ခဲ့တာဟာ နိုင်ငံတော်သမ္မတ အဆောင်အယောင် ဓာတ်ပုံအနေနဲ့ မဟုတ်ဘဲ ပါတီအကြီးအကဲတွေရဲ့ ပုံအနေနဲ့ အသုံးပြုပြီး ဥပဒေနဲ့အညီ မဲဆွယ်ခဲ့တာဖြစ်တယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။

“ကော်မရှင်ကတော့ အခုချိန်ထိ ညွှန်ကြားချက် တစ်စုံတရာ မပေးသေးပါဘူး၊ ကျနော်တို့ဆီကို တိုက်ရိုက် ဘာမှ မလာသေးပါဘူး၊ ကျနော်တို့ ဒီပုံတွေ သုံးတယ်ဆိုတာလည်း ဥပဒေကြောင်းအရ အဖွဲ့ချုပ်ကနေ အကုန်လုံး တွေးစဉ်းစားပြီးမှ လုပ်ကြတဲ့ကိစ္စဖြစ်ပါတယ်”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကန့်ကွက်လွှာကို မနေ့က ပေးပို့ထားတာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို RFA က မေးမြန်းရာမှာတော့ အဲဒီကန့်ကွက်လွှာကိစ္စကို မသိရှိသေးကြောင်း ဖြေကြားပါတယ်။

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာလုံးမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ လစ်လပ်မဲဆန္ဒနယ် ၁ဝ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့