ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်


2018.01.15
by-election-2017-622.jpg ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ်
Photo: RFA

လစ်လပ်မဲဆန္ဒနယ် ၈နေရာအတွက် ဒီနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် အမှတ် (၃) လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ရဲ့ မေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းတဲ့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) အပါအဝင် လစ်လပ်နေတဲ့မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မှာ ၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှာ ၆ နေရာ စုစုပေါင်း ၈ နေရာရှိပြီး အဆိုပါလစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၈ ခုနှစ်အတွင်း ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်ခင်ဗျာ"

ဦးအောင်မြင့်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အတိအကျကိုတော့ ဖြေကြားခဲ့ခြင်းမရှိပါဘူး။

လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က လစ်လပ်နေတဲ့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်နေရာ အတွက် ရွေးကောက်ပွဲပြုလုပ်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။

လစ်လပ်မဲဆန္ဒနယ်တွေက  ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်၊ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်၊ မတူပီမြို့နယ် အမှတ် ၁၊ အုတ်တွင်းမြို့နယ် အမှတ် ၁၊ ရသေ့တောင်းမြို့နယ် အမှတ် ၂၊ သပိတ်ကျင်းမြို့နယ် အမှတ် ၁၊ မင်းဘူးမြို့နယ် အမှတ် ၂၊ တမူးမြို့နယ် အမှတ် ၂ တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။