ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းခွေ နာမည်ကျော် လူငယ်အဆိုတော်တွေ သီဆိုပါဝင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အတွက် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ဦးတည်ပြီး နာမည်ကြီး လူငယ် အဆိုတော်တွေ စုပေါင်း သီဆိုထားတဲ့ လွတ်လပ်မြင့်မား တေးသံများ စီးရီးခွေကို ဒီကနေ့ ထုတ်ဝေဖြန့်ချိမယ်လို့ သိရပါတယ်။

2012.03.12
assk-singers-305 NLD ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းအသစ် ရေးစပ်သီဆိုရေး ဆွေးနွေးခဲ့ကြသည့် အနုပညာရှင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ဓာတ်ပုံမြင်ကွင်း။ Photo: NLD
NLD

 

ဒီသီချင်းခွေမှာ အဆိုတော် ဆောင်းဦးလှိုင်နဲ့ အတူ ACID အဖွဲ့ နဲ့ တခြား အမျိုးသမီး အဆိုတော်တွေလည်း ပါဝင်တယ်လို့ ကိုယ်တိုင်ပါဝင် သီဆိုထားတဲ့ အဆိုတော် သံသာဝင်းက ပြောပါတယ်။

 

အမျိုးသားရေးသီချင်းတွေ၊ ဇာတိမာန် တက်ကြွတဲ့ သီချင်းတွေ ပါရှိမယ့်အကြောင်း၊ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်အတွင်း အသိအမြင် နဲပါးပြီး ကြီးပြင်းလာခဲ့ရတဲ့ အကြောင်း၊ အခုအချိန်မှာ လွတ်လပ်တဲ့ အခွင့်အရေးတွေ ရရမယ်ဆိုတဲ့ သီချင်းမျိုးတွေ ပါဝင်ကြောင်း ပြောပြပါတယ်။

 

ဒီသီချင်းခွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးဦးဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်ထုတ်ဝေတာ ဖြစ်ပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့လက စတင်ဖြန့်ချိတဲ့ အန်အယ်လ်ဒီရဲ့ ခွပ်ဒေါင်းမော်ကွန်းဆိုတဲ့ သီချင်းခွေကိုလည်း လူကြိုက်များကြတယ်လို့ ဆိုပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ နာမည်ကျော် ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေလည်း ပါဝင်ဆောင်ရွက် ပေးနေကြရာမှာ ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ရုပ်ရှင်မင်းသား ရဲတိုက်လည်း ကူညီပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။