မြန်မာနိုင်ငံမှာ ကနေဒါသံရုံး ဖွင့်မည်

ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပေါ်ထွက်လာဖို့ မြန်မာအစိုးရကို တိုက်တွန်းနေဆဲမှာပဲ မြန်မာနိုင်ငံမှာ ကနေဒါသံရုံး ဖွင့်လှစ်တော့မယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က မနေ့က ထုတ်ဖော်ပြောပါတယ်။

2012.07.13
john-baird-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ကုလသမဂ္ဂ၌ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird မိန့်ခွန်း ပြောကြားနေစဉ်။
Photo courtesy of John Baird Website

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံအပြီးမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က - အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောရာမှာ Mr.John Baird က- မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ နှစ်အတွင်း လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကျင့်သုံးမှု ခြေလှမ်းသစ်တွေ စတင် လာတာကို တွေ့မြင်ခဲ့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ ဒီထက် ပိုမိုတိုးတက် ဖော်ဆောင်ဖို့ မိမိတို့ အနေနဲ့ ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်လာတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုနဲ့ သံတမန် ဆက်ဆံရေးစတဲ့ ပိတ်ဆို့မှု အများစုကို ရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ကနေဒါနိုင်ငံက ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကနေဒါ သံရုံးကို ဘယ်တော့ ဖွင့်နိုင်မလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ သံရုံးဖွင့်ရေး ကိစ္စကို မြန်မာအစိုးရနဲ့ လာမဲ့လပိုင်းအတွင်းမှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။