ရာဇာမင်း ကားမှောက် မှုမှာ သေဆုံးရသူများ အတွက် လျော်ကြေးပေးမည်


2014.05.14
yarzarmin-car-305 မေလ ၁၂ ရက်နေ့ည တိမ်းမှောက်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် သွား ရာဇာမင်း ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ရာဇာမင်း ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်ရာမှာ သေဆုံးသွားသူ ၁၄ ဦးအတွက် အာမခံကုမ္ပဏီနဲ့ မြန်မာ့အာမခံလုပ်ငန်းက တစ်ဦးကို ကျပ် ၄၅ သိန်းစီ လျော်ကြေးပေးမယ်လို့ သိရပါတယ်။

သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို လည်း အများဆုံး ကျပ် ၂၄ သိန်းအထိ ပေးသွားမှာဖြစ် တယ်လို့ နေပြည်တော် ဘဏ္ဍာရေးဝန်ကြီးဌာနရုံး မှာ ပြုလုပ်တဲ့ ငွေလွဲှအပ်ပွဲ အခမ်းအနားမှာ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်က လျော်ကြေးအကြောင်း အခုလို ပြောပါတယ်။

"တိမ်းမှောက်သွားတဲ့ ယာဉ်ပေါ်ပါ ခရီးသည်များ အနက် သေဆုံးသွားတဲ့ ခရီးသည်တစ်ဦးဟာ ကျပ် ၄၅ သိန်းစီ ရရှိမှာဖြစ်ပါတယ်၊ သာမန်အားဖြင့် သူတပါး ထိခိုက်မှု အာမခံနဲ့ အလုံးစုံမော်တော်ယာဉ် အာမခံထားရှိလို့ရှိရင် ၁၅ သိန်းသာ ရရှိမှာဖြစ်ပေမယ့်လည်း အခုအခါမှာ အထူးခရီးသွား အာမခံပါထားရှိတဲ့အတွက် လျှော်ကြေးငွေကျပ် ၃ဝ ထပ်ဆောင်းပါတယ် ၊ မော်တော်ယာဉ်နဲ့ ခရီးသွားလို့ရှိရင် အထူးခရီးသွား အာမခံဟာလည်း ထားရှိသင့်တဲ့ အမခံအမျိုး အစားဖြစ်ကြောင်း တင်ပြလိုပါတယ်၊ ထိခိုက်ဒဏ်ရာရသူအနေနဲ့လည်း ဆေးမှတ်တမ်းပေါ်မှာ မူတည်ပြီးတော့ ဒဏ်ရာရရှိမှု အနည်းအများအလိုက် အများဆုံး အာမခံလျှော်ကြေးငွေ ၂၄ သိန်း ရရှိမှာဖြစ်ပါတယ်"

ဒီနေ့ အခမ်းအနားမှာ အာမခံကုမ္ပဏီနဲ့ မြန်မာ့အာမခံလုပ်ငန်းက မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (အဝေးပြေး)ကို အာမခံလျော်ကြေး လွဲှအပ်တာဖြစ်ပါတယ်။ မထသ (အဝေးပြေး) က သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ပြီး လျော်ကြေးပေးမှာဖြစ်ပါတယ်။

မေလ ၁၂ ရက် ည ၇ နာရီလောက်က နေပြည်တော် - ရန်ကုန် အမြန်လမ်းမ မိုင်တိုင် အမှတ် ၁၉၇မှာ ရာဇာမင်း ခရီးသည်တင်ဘတ်စ်ကားဟာ အရှိန်မထိမ်းနိုင်ပဲ တံတားပေါ်က ပြုတ်ကျခဲ့ရာမှာ သေဆုံးသူ ၁၄ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။