သာသနာ့ဝန်ထမ်းတွေ ရွေးကောက်ပွဲမှာမဲပေးခွင့်ရဖို့ ချားလ်စ်မောင်ဘို တောင်းဆို

ဝေမာထွန်း
2020.02.07

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၃၉၂ မှာ သာသနာ့ဝန်ထမ်းတွေ ဆန္ဒမဲပေးခွင့်မရှိစေရလို့ ပြဌာန်းထားတာကို ပယ်ဖျက်ပေးဖို့ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ် မောင်ဘိုက မေတ္တာရပ်ခံလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၂ အရ သာသနာ့ဝန်ထမ်းတွေ မဲပေးခွင့်မရှိဘူးလို့ သတ်မှတ်ထားတာကြောင့် ဗုဒ္ဓဘာသာရဟန်း၊ သီလရှင်၊ ခရစ်ယာန်ဘုန်းကြီး၊ ဆရာတော်နဲ့ သီလရှင်တွေ မဲပေးခွင့်မရှိပါဘူး။

အဲဒါကြောင့် ဒီပြဌာန်းချက်ကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပယ်ဖျက်ပေးဖို့ ကက်သလစ် ဂိုဏ်းချုပ် ရဟန်းအမတ် Charles Maung Bo က မေတ္တာရပ်ခံထားတယ်လို့ Vatican သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံသားဖြစ်ပေမယ့် သာသနာရေးဝန်ထမ်းဖြစ်တာနဲ့ မဲပေးခွင့်မရဘူးဆိုတာဟာ ဒီမိုကရေစီနိုင်ငံအတွက် လိုအပ်ချက်ဖြစ်တယ်လို့ ချားလ်စ်မောင်ဘိုက ထောက်ပြပါတယ်။

မြဝတီမင်းကြီး ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ကလည်း ကသလစ် ရဟန်းအမတ် ချားလ်စ်မောင်ဘိုနဲ့ တသဘောထားတည်းရှိတယ်လို့ မိန့်ပါတယ်။

မြဝတီမင်းကြီး ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ကို တွေ့ရစဉ်“အမှန်ကတော့ နိုင်ငံတော်ဆိုတဲ့ အဓိပ္ပါယ်၊ နိုင်ငံသားဆိုတဲ့ အဓိပ္ပါယ်တို့မှာ ဘယ်ဝတ်နဲ့နေနေ နိုင်ငံသားဟာ နိုင်ငံသားပဲ။ နောက် တရားဥပဒေ လေးစားလိုက်နာရတော့လည်း နိုင်ငံသားဆိုတဲ့ ခေါင်းစီးအောက်မှာ ဘုန်းကြီးတို့ပါတာပဲ။ ဒါပေမဲ့လို့ ကိုယ့်ရဲ့ဆန္ဒပေးခွင့်မရတာ သိပ်တော့မကောင်းဘူး။ အဲလိုပေးခွင့်မရတာတွေ အများကြီးဖြစ်သွားရင် ဆန္ဒအစုံအလင်မပါတဲ့ အဓိပ္ပါယ်မျိုးလည်း ဖြစ်သွားနိုင်တယ်လေ”

နှစ်ခြင်းခရစ်ယာန်မှာ နယ်မြို့တွေက ဆရာတော်တွေ မဲပေးခွင့်ရှိသူစာရင်းမှာ ပါပေမယ့် မြို့ကြီးတွေက သိက္ခာတော်ရ ဆရာတော် တော်တော်များများ မဲပေးခွင့်မရှိဘဲ ဖြစ်နေပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးတွေ အားလုံးတန်းတူ မဲပေးခွင့်ရစေလိုတယ်လို့ လားဟူနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ဆရာတော် ဒေါက်တာလာဇရုက ပြောပါတယ်။

လားဟူ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ဆရာတော် ဒေါက်တာ လာဇရု ကို တွေ့ရစဉ်“ကျနော်တို့ နှစ်ခြင်းထဲမှာလည်း ကွဲပြားမှုရှိတယ်။ ရန်ကုန်တို့ မြို့ကြီးမှာဆိုရင်တော့ ဓမ္မဆရာတော်ကြီးများ၊ သိက္ခာတော်ရ ဆရာတော်ကြီးများက မဲမပေးရဘူး အဲဒီလိုကြားတယ်။ ကျနော်တို့ နယ်မှာတော့ နာမည်ထွက်ရင် အားလုံးမဲသွားပေးကြပါတယ်။ မဲပေးခွင့် အားလုံးကိုပေးလိုက်ရင် ကောင်းတယ်လေ။ ဘုန်းကြီးလည်း နိုင်ငံသူ နိုင်ငံသားတစ်ယောက်ပဲလေ”

အစ္စလာမ်ဘာသာမှာတော့ ဘုန်းတော်ကြီးဆိုတာ မရှိလို့ သာသနာဝန်ထမ်းဆိုတဲ့ မဲပေးခွင့်မရတဲ့ အခြေအနေကို အစ္စလာမ်ဘာသာဝင်တွေ ကြုံတွေ့ရတာ မရှိဘူးလို့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

ဦးအေးလွင်“ကျနော် ၃၉၂ ကို ရှိစေချင်ပါတယ်။ ဘာကြောင့်ရှိစေချင်လဲဆိုရင် ကျနော်တို့ ဘာသာမှာက ဘုန်းကြီး လူတန်းစားဆိုတာက မရှိပါဘူး။ ဆရာတော်၊ သမားတော်ကြီးတွေကတော့ လောကီလူသားတွေကို လောကုတ္တရာရေးရာကို သွန်သင်ဆုံးမ သြဝါဒပေးတာပဲ ကောင်းပါတယ်။ သူတို့ကိုယ်တိုင် ဒီထဲမှာ မဲပေးတာ ထက်စာရင်လေ။ ဒါကျနော်အမြင်ပါ”

အခြေခံဥပဒေ ပုဒ်မ ၃၉၂ မှာ သာသနာ့ဝန်ထမ်းတွေ၊ ထောင်ကျခံနေရသူတွေ၊ စိတ်ပေါ့သွပ်နေတယ်လို့ သတ်မှတ်ခံထားရသူတွေ၊ လူမွဲအဖြစ် ကြေညာခံထားရသူတွေနဲ့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူတွေ မဲပေးခွင့်မရဘူးလို့ ပြဌာန်းထားပါတယ်။

ဒီအချက်တွေက ဖြစ်သင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကို တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကို တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် ကို တွေ့ရစဉ်“လူတစ်ယောက်ကို သူကျူးလွန်တဲ့ ပြစ်ဒဏ်တွေပေါ်မှာမူတည်ပြီးတော့ အကျဉ်းထောင်ထဲကို ထည့်ထားတယ်ဆိုရင် ရသင့်ရထိုက်တဲ့ နိုင်ငံသား အခွင့်အရေးတချို့ကတော့ ဆုံးရှုံးမှာပဲ။ သူတို့ဆုံးရှုံးခဲ့တဲ့ ပြစ်ဒဏ်တွေကို ရင်ဆိုင်ရမှာပဲ။ ဒါကိုလည်း လူတွေကို အသိပေးထားဖို့လိုတယ်”

ဘာသာရေးခေါင်းဆောင်တွေ မဲပေးခွင့်ရဖို့ တောင်းဆိုမှုတွေရှိနေသလို ဒီတောင်းဆိုမှုတွေဟာ မဖြစ်သင့်ဘူးလို့ ယူဆသူတွေလည်း ရှိနေပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။