ပုဂ္ဂလိကသံရည်ကျိုစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်က စက်မှု(၁)ရပ်ကွက် ပုဂ္ဂလိကသံရည်ကျိုစက်ရုံမှာ ဒီကနေ့မနက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် လူ (၂)ဦးသေဆုံးပြီး၊ (၂)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

2012.03.19

အလုပ်သမားတွေက သံတိုသံစတွေကို ထုနှက်ရင်းကနေ မနက် (၁၀ နာရီ ၄၅မိနစ်) လောက်မှာ ဒီပေါက်ကွဲမှု ဖြစ်တာလို့ မန္တလေးဒေသခံတစ်ယောက်က ပြောပါတယ်။

“ကျွန်တော့််အိမ်နဲ့ မဝေးဘူး။ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ပေါ့ဗျာ။ စက်မှု(၁)ရပ်ကွက် ပုဂ္ဂလိကသံရည်ကျိုအလုပ်ရုံမှာပေါ့။ အလုပ်သမားလေးတွေ သံရည်ကျိုဖို့အတွက် သံတွေကို သူတို့ သန့်စင်ကြတာဗျ။ သံတွေကို သန့်စင်ရင်းနဲ့ ထုရင်းနှက်ရင်းနဲ့ ပေါက်ကွဲပြီးတော့ အခု အလုပ်သမားလေး(၂)ယောက်ကတော့ သေနေတာတွေ့တယ်ဗျ။ (၂)ယောက်ကတော့ ဆေးရုံကို ပို့ရတယ်”

ပြည်ကြီးတံခွန် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ တယ်လီဖုန်းဖြေဆိုသူ ရဲဝန်ထမ်းက မကြားမိကြောင်း ပြောဆိုတဲ့အတွက် မန္တလေးခရိုင် ရဲတပ်ဖွဲ့ကို စုံစမ်းရာမှာတော့ တာဝန်ကျအရာရှိက အခုလိုအတည်ပြု ပြောကြားပါတယ်။

“ဟုတ်ကဲ့ အခုလောလောဆယ်တော့ ကျနော်တို့ အဲဒီအသေးစိတ်တော့ တက်မလာသေးဘူးခင်ဗျ။ အဲဒီမှာတော့ စက်ရုံတခုမှာ (၂)ယောက်သေတယ်လို့တော့ သိရတယ်။ ဒဏ်ရာရတာတို့ ဘာတို့တော့ ကျနော်တို့ လောလောဆယ် မသိရသေးဘူး။ လောလောဆယ်တော့ ကျနော်တို့ဆီက အဖွဲ့တွေ အဲဒီမှာ သွားပြီးတော့ ရှိနေကြပါတယ်”

ဒါကတော့ မန္တလေးခရိုင် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦး ဖြေဆိုသွားတာဖြစ်ပြီး၊ ဒီပေါက်ကွဲမှု ဘာကြောင့် ဖြစ်တယ်ဆိုတာနဲ့ သေဆုံး ဒဏ်ရာရသူတွေရဲ့အသေးစိတ်ကို သူတို့အနေနဲ့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။