အပစ်ရပ်မူကြမ်းကိစ္စ ဝတပ်ဖွဲ့၊ SSA၊ မိုင်းလားတို့နဲ့ပါ ဆွေးနွေးသွားမည်

2014-05-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ မေလ ၂၁ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဆွေးနွေးကြစဉ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ မေလ ၂၁ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: Kyaw Htoon Naing / RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းတစ်ခု ထွက် လာပြီးရင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ မိုင်းလား  ဒီမိုကရေစီ မဟာမိတ်တပ်မတော် NDAA အဖွဲ့တွေနဲ့ပါ မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေး သွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒုတိယမြောက်နေ့အဖြစ် အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

"ဒီမူကြမ်းမှာ ၁၆ ဖွဲ့၊ မပါတာ ၃ ဖွဲ့ရှိတယ်၊ ဝ၊ မိုင်းလား၊ RCSS ရယ်၊ ဒီသုံးဖွဲ့ကို သွားချဉ်းကပ် ပြီးတော့ ဒီမူကြမ်းတော့ လောလောဆယ်ကျလာပြီ၊ ခင်ဗျားတို့ ဘာလိုလဲ၊ သူတို့တော့ ချန်ထားလို့မရဘူး၊ တပ်မတော်ဘက်က တော်တော်လေးလိုက်လျောတယ်၊ တတ်နိုင်သလောက် သူတို့မြန်မြန်ဆန်ဆန်လုပ်တယ်၊ အရေးကြီးတယ်ဆိုရင် ချက်ခြင်းဖုန်းဆက်ပြီးတော့ သူတို့အထက်အရာရှိကို ဖုန်းဆက်မေးတယ်၊ သဘောထားရယူတာတို့ ဘာတို့လုပ်ပါတယ်၊ ဒါကြောင့် တပ်မတော်ဘက်ကတော့ ဒီအဆင့်တစ်ဆင့်ကို ဖြတ်ကျော်ချင်တဲ့ ဆန္ဒလည်းရှိတယ်၊ လက်တွေ့လည်း လုပ်တာကို တွေ့ရတယ်"

ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ကိုယ်စားပြုတဲ့ NCCT ခေါ် အပစ်အခတ်ရပ်စဲရေး ညိနှိုင်းရေးအဖွဲ့  ဖွဲ့စဉ်တုန်းက အဲဒီ ၃ ဖွဲ့က ပါဝင်မှုမရှိခဲ့ပါဘူး။ NCCT ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းတစ်ခုရအောင် ဆွေးနွေးနိုင်ဖို့  ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အပစ်အခတ် ရပ်စဲရေးမူကြမ်း အပြီးသတ်ရေးဆွဲပြီးရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပသွားမယ်လို့လည်း ပြောပါတယ်။

ဒီတစ်ကြိမ်ဆွေးနွေးပွဲကနေ ဒုတိယမြောက် မူကြမ်းတစ်ခုရမယ်လို့လည်း အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ က မျှော်လင့်ထားကြပြီး အခုဆွေးနွေးနေတဲ့ မူကြမ်းထဲမှာ ဒို့တာဝန် အရေး ၃ ပါးကို ထည့်ထားတဲ့အတွက် ဘာကြောင့်ထည့်ထားသလဲဆိုတာကို အစိုးရဘက်ကို မေးမြန်းထားကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့