တံတားအမည်ပေးဖို့ လွှတ်တေ်ာမှာဆွေးနွေးတာ မသင့်တော်ကြောင်း တိုင်းရင်း သားရေးရာဝန်ကြီး ပြော
2017.03.15
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ဘီလူးကျွန်းကို ဆက်သွယ်ထားတဲ့ သံလွင်တံတား(ချောင်းဆုံ) ကို တွေ့ရစဉ်
မွန်ပြည်နယ်က မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည် သတ်မှတ်ပေးဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုလိုက်တာ သင့်တော်မှုမရှိကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ပြောပါတယ်။
ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရပ်နားချိန်မှာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ဝန်ကြီး နိုင်သက်လွင်ဟာ အဆိုတင်သွင်းသူ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း ရဲ့ ဖခင်ဖြစ်ပါတယ်။ ဒေါ်မိကွန်ချမ်းရဲ့ အဆိုကို မနေ့က ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးပြီးနောက် ကန့်ကွက်သူရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
သံလွင်မြစ်ပေါ်ကဖြတ်ပြီး မော်လမြိုင်-ချောင်းဆုံကို ဆက်သွယ်ထားတဲ့ ပေ ၁၇၀၀ ကျော် အရှည်ရှိတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည် ဂုဏ်ပြုသတ်မှတ်ပေးဖို့အဆိုကို မွန်လူထုက ကန့်ကွက်နေပေမယ့် မနေ့က လွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီအဆို အတည်ဖြစ်သွားတဲ့အတွက် လာမယ့် မတ်လ ၁၉ရက်နေ့မှာ မွန်လူထုက မော်လမြိုင်မြို့မှာ ကန့်ကွက်ဆန္ဒပြကြမှာဖြစ်ပါတယ်။









