ဗိုလ်ချုပ်အောင်ဆန်းအမည် သတ်မှတ်ပေးဖို့ လွှတ်တော် ဆုံးဖြတ်ချက် ကန့်ကွက်ဆန္ဒပြ


2017.03.19
chaungsone-bridge-protest-620.jpg ဗိုလ်ချုပ်အောင်ဆန်းအမည် သတ်မှတ်ပေးဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်တာကို မတ်လ ၁၉ ရက်နေ့က မွန်၊ ကရင်၊ ရန်ကုန်၊ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေက မွန်တိုင်းရင်းသားတွေ ဆန္ဒပြတောင်းဆိုစဉ်
Photo: Kyaw Lwin Oo/ RFA

မော်လမြိုင်-ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည် သတ်မှတ်ဂုဏ်ပြုပေးဖို့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တာကို မွန်၊ ကရင်၊ ရန်ကုန်၊ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေက မွန်တိုင်းရင်းသားတွေ ဒီနေ့ ဆန္ဒပြကန့်ကွက်ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတံတားနာမည် သတ်မှတ်ဖို့ အတည်ပြုထားတာကို ပယ်ဖျက်ပြီး ဒေသခံတွေ လိုချင်တဲ့ တံတားနာမည်ပြောင်းလဲပေးဖို့ သောင်းနဲ့ချီတဲ့ မွန်တိုင်းရင်းသားတွေက တောင်းဆိုကြပါတယ်။

ဒေသခံတွေကန့်ကွက်ထားတဲ့ကြားကနေ ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့က ပြည်သူ့လွှတ်တော်မှာ မော်လမြိုင်ချောင်း ဆုံ သွယ်တန်းထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးဖို့ အဆိုကို ဆွေးနွေးအတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်လွှတ်တော်မှာ မဲအများစုနဲ့ အတည်ပြုလိုက်တာဟာ ဒီမိုကရေစီနည်းအရ လူများစုက အနိုင်ကျင့်တာဖြစ်ကြောင်းနဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဒီနေ့ဆန္ဒထုတ်ဖော်ပွဲမှာ မွန်တိုင်းရင်းသားတွေအပြင် မွန်ပြည်နယ်မှာနေထိုင်ကြတဲ့ ကရင်နဲ့ ပအိုဝ်းတိုင်းရင်းသားတွေပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ချောင်းဆုံတံတားကို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးဖို့ ပေါင်မြို့ နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း က ပြည်သူလွှတ်တော်မှာအဆိုတင်သွင်းကာ ကန့်ကွက်သူတွေ ရှိခဲ့ပေမယ့် မဲခွဲပြီးအတည်ပြုခဲ့တာဖြစ်ပါတယ်။

သံလွင်မြစ်ကိုဖြတ်သန်းကာမော်လမြိုင်နဲ့ချောင်းဆုံကို သွယ်တန်းထားတဲ့ တံတားကို မူလက သံလွင်တံတား(ချောင်းဆုံ)ဆိုတဲ့နာမည်နဲ့ ၂၀၁၅ခုနှစ်ဖေဖော်ဝါရီလ မှာ စတင်တည်ဆောက်ခဲ့ပါတယ်။

ဒီတံတားဟာ ငွေကျပ်သန်းပေါင်း ၆သောင်းနီးပါးအကုန်အကျခံဆောက်လုပ်ထားပြီး အဲဒီတံတားကို လာမယ့် ဧပြီလ ၉ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေး မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။