သက်ငယ်မုဒိန်းမှုကို သေဒဏ်ပေးဖို့ ကိုယ်စားလှယ် အဆိုတင်သွင်း


2018.05.24
kachin-parliament-622.jpg ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ်၊ မေလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုတွေလျော့ကျစေဖို့ ကျူးလွန်သူကို သေဒဏ်ချမှတ်ရေးနဲ့ ပညာပေးအစီအစဉ်တွေ အမြန်ဆုံးဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို မိုးကောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံက ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ကြီးလေးတဲ့ ပြစ်ဒဏ်အဖြစ် သေဒဏ်ပြဋ္ဌာန်းခြင်းအားဖြင့် ပြစ်မှုကျူးလွန်မယ့်သူကိုလည်း ဟန့်တားရာရောက်တယ် လို့ အဲဒီအဆို တင်သွင်းခဲတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံက ပြောပါတယ်။

"ကလေးငယ်များကိုလည်း နိုင်ငံတော်က ဥပဒေများ ပြဋ္ဌာန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်လျက် ရှိပါတယ်ရှင်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကလေးငယ်များဟာဆိုရင် သူတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးခံလိုက်ရသလိုဖြစ်ပြီး၊ အချို့ဆိုလို့ရှိရင် ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနေပါတယ်။ တချို့ကလေးငယ် များဟာဆိုရင် သားအိမ်ကွဲသွားတဲ့အတွက် အသက်ကြီးလာရင် အိမ်ထောင်ပြု ကလေးယူလို့ မရအောင်တွေ ရှိတာကိုလည်း တွေ့ရှိရပါတယ်ရှင်။ သက်ငယ်မှုဒိမ်းမှုတွေ လျော့ပါးလာစေရန်အတွက် ကြီးလေးတဲ့ ပြစ်ဒဏ်ဖြစ်သော သေဒဏ်ပြဋ္ဌာန်းပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်မည့်သူကိုလည်း ဟန့်တားရာရောက်ပါတယ်"

ပုဒ်မ ၃၇၆ မုဒိမ်းမှုကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ် နှစ်ပေါင်း ၂ဝ သာချမှတ်ထားပြီး အယူခံဝင်တဲ့အခါ ပြစ်ဒဏ်လျော့နည်းသွားတာ၊ ကျူးလွန်သူတွေဟာ ပြစ်ဒဏ်မပြည့်မီ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အခါမှာ လည်း ပြစ်မှုပြန်လည်ကျူးလွန်တာတွေရှိနေတယ်လို့ ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာအထိ မုဒိမ်းမှုပေါင်း ၃ဝဝဝ ကျော် ဖြစ်ခဲ့ရာမှာ ၁၅ဝဝ ကျော်ဟာ သက်ငယ်မုဒိမ်းမှုဖြစ်တယ်လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုကို ဖခင်၊ ပထွေး၊ ဆွေးမျိုးသားချင်း၊ သူစိမ်း စသူတွေက ကျူးလွန်လေ့ရှိကြပြီး၊ မိဘ၊ ကလေးငယ်နဲ့ အုပ်ထိန်းသူတွေကို အသိပညာပေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းဆွေးနွေးခဲ့ ပါတယ်။

အဲဒီလို သက်ငယ်မုဒိမ်းကျင့်ခံရမှုတွေဖြစ်ခဲ့ပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ကာယကံရှင် အမျိုးသမီးငယ်တွေဟာ ထိခိုက်သေဆုံးပြီး စိတ်ဒဏ်ရာတွေရရှိခဲ့တာအပြင် မိသားစုဝင်တွေ၊ ကျန်နေတဲ့ ကလေးတွေကိုပါ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ကြုံ့တွေ့နေရတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဆော့လော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ က ထောက်ခံပြီး တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက ကန့်ကွက်သူမရှိတာကြောင့် မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။