ကာကွယ်ဆေးမထိုးရတဲ့ ကလေးအများဆုံးနိုင်ငံထဲ မြန်မာပါဝင်
ကာကွယ်ဆေးမထိုးရတဲ့ ကလေးအများဆုံးရှိ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်နေတယ်လို့ ကမ္ဘာ့ကလေးများရံပုံငွေအဖွဲ့ UNICEF က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးက ကလေး ၂၅ သန်းဟာ ကာကွယ်ဆေး နှစ်လုံး အပြည့်ထိုးခွင့်မရခဲ့ဘဲ၊ အဲဒီထဲက ၁၈ သန်းဟာ ကာကွယ်ဆေး တစ်လုံးတောင် ထိုးခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်ကစလို့ ၂ဝ၂၁ ခုနှစ်အတွင်း ကလေး အယောက် ၁ဝဝ မှာ အယောက် ၆၀ ဟာ မွေးကင်းစအရွယ်မှာ မဖြစ်မနေထိုးဖို့လိုတဲ့ ကာကွယ်ဆေးကို တစ်ကြိမ်တောင် ထိုးခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ နောက်ဆက်တွဲအခြေအနေ၊ ပဋိပက္ခတွေအတွင်းမှာ နေထိုင်ရတဲ့ ကလေးအရေအတွက် များလာတာကြောင့် ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးလာရတာလို့ ထောက်ပြထားပါတယ်။
ကလေးတွေ ကာကွယ်ဆေးထိုးခွင့်မရတာဟာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေပြီး ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်လာနိုင်ခြေရှိနေတယ်လို့ UNICEF ကရော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပါ သတိပေးထားပါတယ်။
UNICEF က ထုတ်ပြန်တဲ့ ကာကွယ်ဆေးမထိုးရတဲ့ ကလေးအများဆုံးရှိ နိုင်ငံတွေထဲမှာ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ မြန်မာနဲ့ မိုဇမ်ဘစ် နိုင်ငံတွေ ပါဝင်ပါတယ်။
မြန်မာနဲ့ မိုဇမ်ဘစ် နိုင်ငံတွေဟာ ၂ဝ၁၉ ခုနှစ်က စပြီး ကာကွယ်ဆေး မထိုးရတဲ့ ကလေးအရေအတွက် ပိုပိုများလာတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိကမ္ဘာ့နိုင်ငံတွေမှာ ကလေးတွေ ကာကွယ်ဆေး ထိုးခွင့်ရဖို့ ကြိုးပမ်းနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းထားတာမို့ အခက်အခဲတွေ ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကလေးငါးသန်း အကူအညီတွေ လိုအပ်နေတယ်လို့လည်း UNICEF က ပြောထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်လို့ ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေး ၃၈၂ ဦးထက်မနည်းဟာ သေဆုံး၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းပျက်စီးခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာတင်ပြထားပါတယ်။









