ချင်းအမျိုးသား အဆင့် နိုင် ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိ


2017.02.14
updjc-npt-620.jpg ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပစဉ်
Photo: Win Ko Ko Latt/ RFA

ချင်းပြည်နယ် ထန်တလန်မြို့မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ အစိုးရက ခွင့်ပြုလိုက်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ထန်ထလန်မြို့မှာ ကျင်းပခွင့်ပြုကြောင်း အစိုးရ ငြိမ်းချမ်းရေးကော် မရှင်က အကြောင်းကြားလာတဲ့အတွက် လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ဒါမှမဟုတ် ၂၅ ရက်နေ့လောက်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ချင်းအမျိုးသား တပ်ဦး CNF ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပူးရမ်ကုလ်ကျုံး က ပြောပါတယ်။

"မနေ့ကပဲ ကျနော်တို့ကို အကြောင်းကြားလာပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်ကပါ။ ကျနော် တို့ တောင်းဆိုထားတာက ဟားခါးမြို့ပါ။ ဒါပေမဲ့ အစိုးရဘက်က ခွင့်ပြုတာက ထန်တလန်မြို့ပါ။ အခု ကျနော်တို့ အဲဒါကို နိုင်ငံရေးပါတီတွေရယ် ဆွေးနွေးနေပါတယ်။ ခန့်မှန်းခြေကတော့ အစော ဆုံး ဖေဖော်ဝါရီလ ၂၃ ရက်နေ့လောက်ပေါ့၊ နောက်အကျဆုံးကတော့ ၂၅ ရက်နေ့ပါ။ တတ်နိုင် သမျှ စောအောင်တော့ လုပ်မှာပါ"

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မကျင်းပသေးဘဲ ဆိုင်းငံ့ထားဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

CNF အဖွဲ့ကို ကျင်းပခွင့်ပြုလိုက်သလို ရခိုင်ပြည်နယ်မှာ ကျင်းပခွင့်ရဖို့ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

မနက်ဖြန် စစ်တွေမြို့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရခိုင်အမျိုးသားပါတီ ANPနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးအတွက် ပူးတွဲကော်မတီ တစ်ရပ်ကို ဖွဲ့စည်းသွားမယ်လို့ ဒေါ်စောမြရာဇာလင်း ကပြောပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ဖေဖဝါရီလ ၂၈ ရက်နေ့မှာကျင်းပဖို့ UPDJC က ရည်ရွယ်ထားပေမယ့် ပြင်ဆင်မှုတွေလုပ်ဖို့ လိုနေသေးတဲ့အတွက် လာမယ့် မတ်လ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်ထဲမှာမှ ကျင်းပနိုင်ခြေ ရှိတယ်လို့လည်း CNF ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပူးရမ်ကုလ်ကျုံး က ပြောပါတယ်။

ချင်းပြည်နယ်မှာ ပြုလုပ်မယ့် လူမျိုးစုအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေကို သုံးရက်ကြာကျင်းပဖို့ ရည်ရွယ်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ စတဲ့ ချင်းပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းတိုင်ပင်သွားမယ်လို့ CNF ခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီလူမျိးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍ နဲ့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုတဲ့ ခေါင်းစဉ် လေးမျိုးနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။