ရခိုင်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် ကော်မတီဖွဲ့


2017.02.16
alp-anp-meeting-620.JPG ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Soenaing Tun (facebook)

ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေး ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရခိုင်အမျိုးသားပါတီ ANP နဲ့ အရပ်ဘက်အဖွဲ့တွေပေါင်းပြီး ၂၁ ဦးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ ကို မနေ့ကဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့ ကြိုပမ်းနေပြီး အစိုးရအနေနဲ့လည်း ခွင့်ပြုသင့်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် စောမြရာဇာလင်း ကပြောပါတယ်။

"အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပြီးမှသာလျှင် ရလဒ်တွေကိုယူပြီး ကျမတို့ တင်ပြရမှာဖြစ်ပါတယ်၊ အဲ့လိုလုပ်နည်းလုပ်ဟန်တွေနဲ့ ကျမတို့သွားရမှာပါ၊ ရခိုင်တွေကို ဘယ်အကြောင်းပြချက်နဲ့မှ ဟန့်တားပိတ်ပင် ထားခြင်း မပြုသင့်ပါဘူး၊ အဲဒါကို ကျမတို့ အခိုင်အမာပြောချင်တယ်"

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ် တာကြောင့် အစိုးရကခွင့်ပြုမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကို အခုလအတွင်း ကျင်းပချင်တယ်လို့ စောမြရာဇာလင်း က ပြောပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မကျင်းပသေးဘဲ ဆိုင်းငံ့ထားဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC မှာ ဆုံးဖြတ်ခဲ့ပြီးနောက် ချင်းပြည်နယ်အတွက်ကို အစိုးရက ပြန်လည်ခွင့်ပြုလိုက်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ဦးဆောင်ကော်မတီအတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ဘက်က ကိုယ်စားလှယ်တွေကို ရွေးချယ်ထားပြီးဖြစ်တယ်လို့လည်း ANP ပါတီ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုး က ပြောပါတယ်။

ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့်ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာကျင်းပဖို့ UPDJC က ရည်ရွယ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။