ချင်းနဲ့ စစ်ကိုင်း မိုးကြီး မြေပြိုနိုင်


2016.05.04
weather-predict-may4-620.jpg မေလ ၅ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်နှိုင်မှု အခြေအနေ ခန့်မှန်းချက်
Photo: U Tun Lwin Facebook

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒီရက်ပိုင်းအတွင်း မိုးကြီးနိုင်ပြီး မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းကစပြီး နောက် ၂၄ နာရီအတွင်း အဲဒီဒေသတွေမှာ မိုးတိမ်တောင်တွေဖြစ်လာပြီး မိုးသည်း ထန်နိုင်တဲ့အတွက် အဓိကအနေနဲ့ ချင်းပြည်နယ်ဖက်မှာ မြေပြိုကျတာတွေ သတိထားကြဖို့ ဦးထွန်းလွင် က ပြောပါတယ်။

"တိမ်တွေက အိန္ဒိယနိုင်ငံ မြောက်ပိုင်းကနေပြီးတော့ အနောက်ကနေ အရှေ့ကိုရွေ့တော့ ဒါလေးတွေ ဖြစ် လာနိုင်တယ်၊ သိပ်ဆိုးဆိုးရွားရွား ဖြစ်မယ်လို့မထင်ပါဘူးဗျာ၊ ချင်းတို့ စစ်ကိုင်းတို့တော့ မှန်းတာပဲ"

အဲ့ဒီမိုးတိမ်တောင်တွေကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးတွေဘက်မှာလည်း မိုးရွာနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစပြီး မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ် ပြီး လေပြင်းတိုက်တာတွေ၊ မိုးသည်းထန်တာတွေလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မုတ်သုံရာသီဥတုဟာ ပုံမှန်အရ မြန်မာနိုင်ငံကို မေလဆန်းမှာ ဝင်ရောက်နေကျဖြစ်ပေမယ့် ဒီနှစ်မုတ်သုံရာသီဥတုဟာ မေလနောက်ဆုံးအပတ်မှသာ ဝင်ရောက်နိုင်မယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။