တီးတိန်မြို့နယ် သစ်တောနယ်မြေက နေအိမ်တွေကို ဖယ်ရှားခိုင်း

ဆလိုင်းကေတီဟောက်ခိုင်
2020.09.30

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ သစ်တောနယ်မြေမှာ နေထိုင်သူတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အိမ်တွေဖယ်ရှားပေးဖို့ သစ်တောဌာနက အမိန့်စာပို့ အကြောင်းကြားထားပါတယ်။

ခိုင်ကမ်းမြို့နယ်၊ အမှတ် ၄ ရက်ကွက်၊ ကွဲတံတားရဲ့ အောက်ဘက်ခြမ်းမှာရှိတဲ့ နေအိမ် ၂၆ လုံးကို စက်တင်ဘာလ ၂၅ ရက်နေ့က နောက်ဆုံးထား ဖယ်ရှားခိုင်းတာဖြစ်ပြီး ဒေသခံတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိနေတဲ့ ကာလဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

ဒေသခံတချို့ကတော့ နေအိမ်ကို ပြောင်းရွှေ့ဖို့ အခက်အခဲတွေရှိတာကြောင့် အတည်တကျနေနိုင်ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

“ကျွန်မတို့ ၂၀၁၉ - ၂၀၂၀ ကနေ စပြီးတော့ ၂၀၂၀ ဝန်းကျင်မှာ ကျွန်မတို့ သစ်တောဌာနနဲ့ ရင်ဆိုင်ရတဲ့ သဘောဖြစ်သွားတာပေါ့နော်။ အဲဒါနဲ့ သစ်တောဌာနက စာလာတယ်ပေါ့။ ပထမအကြိမ် စာရွက်စာတမ်း ပို့တယ်။ ဒုတိယအကြိမ်ကတော့ ဖျက်သိမ်းဖို့ အမိန့်စာပို့တယ်။ကျွန်မတို့လည်း ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ ကျွန်မတို့ အဆင်ပြေရင်တော့ အစိုးရပိုင်းနဲ့ ကလန်ကဆန်နဲ့တော့ မနေချင်ပါဘူး။ ကိုယ့်ဘာသာကိုယ် ရှာဖွေစုဆောင်းချင်တယ် ဒါပေမဲ့ အခုချိန်က ကိုဗစ်ကာလလည်း ဖြစ်နေတော့ ရှာဖွေစုဆောင်းဖို့ကလည်း ခက်ခဲပါတယ်။ ခရီးသွားတာတို့၊ နိုင်ငံရပ်ခြား သွားအလုပ်လုပ် ပိုက်ဆံရှာချင်ပေမယ့်လည်း သွားလို့ခက်ခဲတဲ့ အခြေနေကြောင့် ကျွန်မတို့ ဒီအခြေနေထိနေရတာပါ။ ကျွန်မတို့ အိမ်ကလည်းဆောက်ပြီးပြီဆိုတော့ ဒီကနေ ပြန်ရွှေ့ရမယ်ဆိုရင် တအားခက်ခဲတယ်ဆိုတော့ ကျွန်မတို့ အတည်တကျနေရဖို့ တကယ့်ကို ရင်ထဲကနေ တောင်းဆိုချင်ပါတယ်”

စက်တင်ဘာ ၁၅ ရက်နေ့က ကျူးကျော်နေအိမ်တွေက မိသားစုဝင်တွေကို ကိုးမိုင်သစ်တောစခန်းမှာ လာခေါ်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခံခဲ့ရတယ်လို့ ဦးထန်လမ်မုန့်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကို သစ်တောကနေ စစ်ဆေးမေးမြန်းဖို့ ခေါ်ပါတယ်။ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ရပ်ကွက်မှာရှိတဲ့ ဒုက္ခသည်တွေပေါ့ဗျာ၊ အဖွဲ့အစည်းနဲ့ အစိုးရ ကိုးမိုင်သစ်တောရုံးကို ရောက်ရှိခဲ့တယ်။ သူတို့ စစ်ဆေးတဲ့အခါကျတော့ မိဘအမည်တို့၊ မှတ်ပုံတင်နံပါတ်တို့၊ ခိုင်ကမ်းကို ဘယ်နှစ်ခုနှစ်က စရောက်သလဲ၊ ကျူးကျော်ဘဝကို ဘယ်နှခုနှစ်ကရောက်လဲ ဒါတွေ မေးပါတယ်။ ပြီးတော့ နောက်ဆုံးအချက်ကတော့ သစ်တောကနေပြီးတော့ ဒီမှာ ကျူးကျော်မြေကို ဖယ်ရှားမယ်၊ ရှင်းလင်းမယ်ဆိုပြီးမှ နောက်တစ်ကြိမ် တတိယအကြိမ် စာပေးခံရရင် မင်းတို့ ဘယ်လိုခံစားချက်ရှိပါသလဲဆိုပြီး မေးမြန်းပါတယ်။ အဲဒါကျတော့ လူကြီးမင်းတို့ရယ် ကျွန်တော်တို့မှာ ခိုလှုံစရာလုံးဝမရှိတဲ့အခါကျတော့ ဖယ်တော့ ဖယ်ရှားချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ကလည်း နေရာချထားပေးတဲ့အထိ ခိုလှုံခွင့်ပေးပါဆိုပြီးမှ ကျွန်တော်တို့ အသနားခံခဲ့ပါတယ်”

ခိုင်ကမ်းမြို့မှာ ၂၀၁၅ ခုနှစ်က ကြုံတွေ့ခဲ့တဲ့ ရေကြီးမှုကြောင့် အခက်အခဲဖြစ်ခဲ့တဲ့ ရေဘေးဒုက္ခသည်တွေ ကိုလည်း ခိုင်ကမ်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကွဲတံတားရဲ့ အပေါ်ဘက်ခြမ်းမှာ မြေနေရာတွေ ပြန်လည်ချ ထားခဲ့သလို ကွဲတံတားရဲ့ အောက်ဘက်မှာ ရေဘေးနဲ့ဆက်စပ်ပြီး ဆင်းရဲနွမ်းပါးသူတွေအတွက်လည်း အခုကျူးကျော်လို့ သတ်မှတ်ခံထားရတဲ့ မြေနေရာမှာ နေရာချထားပေးခဲ့တာဖြစ်ပါတယ်။

ကွဲချောင်းကူးတံတားရဲ့ အပေါ်ဘက်က အိမ်တွေကတော့ သစ်တောမြေကိုကျူးတဲ့ ပုံစံဖြစ်ပေမယ့် ဌာနဆိုင်ရာ အသီးသီးက တိုင်ပင်ပြီး နေရာချထားပေးတာဖြစ်တဲ့အတွက် သူတို့ကို ဖယ်ရှားခိုင်းတာမျိုးမရှိဘူးလို့ ချင်းလူမှုရေး တက်ကြွလှုပ်ရှားသူ ကိုဇမ်းထွမ်းက ပြောပါတယ်။

“သူတို့က တကယ်ကျူးကျော်သလားဆိုတာကို ကျွန်တော်တို့ ကြည့်ရင် သူတို့က ဒီနေရာကို ကျူးဖို့ရောက် လာတာ မဟုတ်ဘူး။ သူတို့က ခိုလှုံဖို့ရောက်လာတာဖြစ်တယ်။သူတို့ကို ကျူးကျော်ဖြစ်တယ်ဆိုပြီး သစ်တောနယ်မြေကနေ ဖယ်ရှားခိုင်းမယ်ဆိုရင် အပတောထုတ်ထားတဲ့ ခိုင်ကမ်းရဲ့ မြေတွေရှိတယ်။ အဲဒီမြို့မှာ သူတို့နဲ့သင့်လျော်တဲ့နေရာမှာ နေရာချပေးပြီးတော့ သူတို့ကို ဖယ်ရှားစေသင့်တယ်။ အဲဒီလိုမှ မဟုတ်ဘဲ ကျွန်တော်တို့ ဒီတိုင်းခိုလှုံဖို့နေရာမရှိဘဲ ဖယ်ရှားခိုင်းမယ်ဆိုရင် ခိုင်ကမ်းမှာ နေကြတဲ့အတူတူ ချင်းတောင် သူတို့ကို အခွင့်အရေး ချိုးဖောက်သလိုဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်မြင်တယ်”

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခိုင်ကမ်းမြို့ သစ်တောဦးစီးဌာနကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှမျိုးကတော့ နေအိမ်တွေ ဖယ်ရှားဖို့ ကိစ္စကို သစ်တောဌာနက ဆောင်ရွက်နေတာဖြစ်ပြီး ပြည်နယ်အစိုးရက ညွှန်ကြားချက်မရှိသးကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ အုပ်ချုပ်ရေးအနေနဲ့ ဘာမှလုပ်ထားတာ မရှိသေးဘူး၊ သစ်တောက လုပ်ထားတာပေါ့နော်၊ သစ်တောက ကြိုးဝိုင်မှာနေတယ် ဆိုပြီးတော့ သူတို့က ဖယ်ပေးဖို့ စာတွေထုတ်ထားရှိပါတယ်၊ အစိုးရကတော့ ကျွန်တောင်တို့ ဌာနကို ညွန်ကြားထားတာ မရှိသေးဘူး၊ မြို့နယ်တိုးချဲ့တဲ့ ဥစာတော့ရှိတယ်ဗျ၊ တိုးချဲဖို့ ၇၅၀ ဧကရှိတယ်၊ အထက်ဌာနကနေ မြေနေရာတွေချပေးဖို့ လုပ်ပါဆိုလို့ရှိရင် အထက်ဌာနက ညွန်ကြားချက် အတိုင်း ကျွန်တော်တို့က လုပ်မယ်ဗျ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီမှာ ညွန်ကြားချက် မရှိသေးဘူး၊ သစ်တောကပဲ သူတို့ ကြိုးဝိုင်မှာနေတယ်ဆိုပြီး ဖယ်ခိုင်းတာပေါ့ အဲဒါပဲရှိပါသေးတယ်။ ကျူးကျော်နေတဲ့သူတွေကလည်း ဝန်ကြီးကိုလည်း တိုက်ရိုက်စာတင်ပေးတော့ တင်ပြထားပါတယ်’’

ကိုဗစ် ၁၉ ဖြစ်ပွားနေတဲ့ကာလမှာ စားသောက်ဖို့အတွက် ဝင်ငွေရရှိအောင်မနည်း ရုန်းကန်နေရတဲ့ ဒေသခံတွေ အတွက် ပြောင်းရွှေ့စရာ မြေနေရာမရှိဘဲ ဖယ်ရှားပေးဖို့ အခက်အခဲတွေ ရှိနေတာကြောင့် လက်ရှိနေထိုင်နေတဲ့ နေရာမှာပဲ အတည်တကျနေထိုင်ခွင့်ရရှိဖို့ ဒေသခံတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။