နေရပ်စွန့်ခွာသူတွေအတွက် အသင့်နေအိမ်တွေ တရုတ် လှူဒါန်း


2018.10.28
china-donates-maungtaw-house-622.jpg ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် အသင့်နေထိုင်နိုင်တဲ့ နေအိမ်အလုံးတစ်ထောင်ကို တရုတ်အစိုးရ က မြန်မာအစိုးရကို ပေးအပ်လှူဒါန်းတဲ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Phyo Min Thein - FB

ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် အသင့်နေထိုင်နိုင်တဲ့ နေအိမ်အလုံးတစ်ထောင် ကို တရုတ်အစိုးရက မနေ့က မြန်မာအစိုးရကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ မနေ့က ကျင်းပတဲ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေး သံမှူး ရှဲ့ကော်ရှန် (Xie Guoxiang) တွေ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ အခက်အခဲရှိချိန်မှာ စာနာနားလည်မှု အပြည့်အဝထားရှိပြီး နိုင်ငံရေးအရထောက်ခံမှု ခိုင်ခိုင်မာမာပေးသလို မြေပြင်လိုအပ်မှုတွေကို ထောက်ပံ့ကူညီတဲ့အပေါ် အထူးကျေးဇူးတင်ကြောင်းနဲ့ (၂၁) ရာစု စိန်ခေါ်မှုတွေမှာ နိုင်ငံတကာ အခြေအနေ ဘယ်လိုပင်ပြောင်းလဲစေကာမူ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး မပြောင်းမလဲအမြဲတည်တံံ့ တိုးတက်မြင့်မားနေမှာဖြစ်ကြောင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အဲဒီအသင့်နေအိမ်တွေကို မောင်တောဒေသကို တစ်လအတွင်း ပို့ဆောင်တပ်ဆင် ပေးသွားမယ်လို့လည်း သိရပါတယ်။

အဲဒီရွေ့လျားနေအိမ်ဟာ တစ်လုံးကို မြန်မာကျပ်ငွေ ၁၅၉ သိန်းရှိပြီး အလုံးတစ်ထောင်အတွက် ကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။