တရုတ်ကဝင်တဲ့ စားသောက်ကုန်တွေကို ဖျက်ဆီး
2017.08.17
တရုတ်မြန်မာ နယ်စပ်အနီး ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံက စားသောက်ကုန်တွေကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က မီးရှို့ဖျက်ဆီးစဉ်
တရုတ်မြန်မာ နယ်စပ်အနီး ရေပူအမြဲတမ်းစစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ ကျပ်သိန်းပေါင်း ၁၄၀၀ ဝန်းကျင် တန်ဖိုးရှိတဲ့ စားသောက်ကုန်နဲ့ ပစ္စည်းတွေကို လားရှိုး မြို့နယ် အကောက်ခွန်ဌာရုံးဝင်းအတွင်းမှာ ဒီနေ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ဒီကနေ့ ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေအကြောင်း အခုလို ပြောပါတယ်။
"ဒီနေ့ ဖျက်ဆီးရာမှာ အမှုပေါင်းအနေနဲ့ ၄၃ မှု တန်ဖိုးပမာဏ သိန်းပေါင်း တစ်ထောင့်လေးရာ တစ်ဆယ့်တစ်သိန်းနဲ့ ခြောက်သောင်းတစ်ရာ ရှိပါတယ်"
ဒီကနေ့ဖျက်စီးခဲ့တဲ့ ပစ္စည်းတွေ အများစုဟာ ဘီယာ၊ ကလေးစားစရာမုန့်၊ စားသုံးဆီ၊ အချိုရည်၊ ကြက်အူချောင်း စတဲ့ပစ္စည်းတွေ အများဆုံးဖြစ်ပါတယ်။
အဝတ်အထည်၊ ဖုန်း၊ လျှပ်စစ်ပစ္စည်း စတဲ့ လူသုံးကုန်ပစ္စည်းအတွက်ကို မီးရှို့ဖျက်ဆီးတာ မလုပ်ဘဲ ရွေးယူဒဏ်ငွေ နဲ့ ကျသင့်အခွန် ငွေအတိုင်း တန်ဖိုးဖြတ်ပြီး ရွေးယူခွင့်ပြုပေးထားသလို မယူတော့ဘူးဆိုရင် အဲဒီ ပစ္စည်းတွေ ကို လေလံစနစ်နဲ့ ရောင်းချသွားမယ်လို့ ဦးသန့်ဇင်ထွန်းက ပြောပါတယ်။









