တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ရှေ့ပြေးအဖွဲ့ ကျောက်ပန်းတောင်းနယ် ရောက်ရှိ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဖြတ်သန်းတည်ဆောက်မယ့် တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမယ့် မြေနေရာတွေအတွက် လျော်ကြေး မရရှိမှာ၊ မတန်တဆ ဈေးနှိမ်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

2011.08.21

စီမံကိန်းအတွက် တရုတ်နိုင်ငံသား ရှေ့ပြေး ကျွမ်းကျင်အဖွဲ့တွေ စတင် ရောက်ရှိနေပြီဖြစ်ပြီး ဖယ်ပေးရမယ့် ကျေးရွာတွေကို မြေစာရင်းဌာန အရာရှိတွေနဲ့ ဒေသ အာဏာပိုင်တွေက လိုက်လံ အသိပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လူတွေ နေဖို့ထိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပြီ။ ကြားတာတော့ ၁၅ဝ လောက်။ ဂက်စ် ပိုက်လိုင်းတွေကတော့ ခုထိ မရောက်သေးဘူး။ ကျောက်ပန်းတောင်းနောက်ဘက်က ရွာတွေ တော်တော်များများကို ပါမှာ။ အခု ရွာသားတွေက စိုးရိမ်နေကြပြီ။ ဒီ့ပြင်မြို့တွေ နယ်တွေမှာလည်း ဈေးနှိမ်ပြီး နှင်နေတယ်ကြားတော့ သူတို့ကိုလည်း ဈေးနှိမ်မှာ ကြောက်နေကြတာ”

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အထိ သွယ်တန်းမယ့် တရုတ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပြောင်းရွေ့ပေးရမယ့် ကျေးရွာနဲ့ အိမ်ခြေ အတိအကျကို လောလောဆယ် မသိရသေးပါဘူး။

ဒါပေမယ့် လတ်တလော အာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ ထန်းတောကြီးတွေ အပါအဝင် ပဲနဲ့ နှမ်းစိုက်ခင်း အမြောက်အမြား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးရဖို့ ရှိတာကြောင့် ဒေသရဲ့ လက်ငုတ်လက်ရင်း စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တရုတ်အစိုးရဟာ ရခိုင်ကမ်းလွန်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ၂ဝ၁၃ ခုနှစ် ဇွန်လမှာ တရုတ်နိုင်ငံကို စတင် သယ်ယူနိုင်ဖို့ ဒီ ပိုက်လိုင်းစီမံကိန်းကြီးကို အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။