မြန်မာနိုင်ငံမှာ တရုတ် ရင်းနှီးမြှုပ်နှံမှု အများဆုံး


2014.01.16
shwe-gas-305.jpg ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလကျွန်းမှာရှိတဲ့ ရွှေဂတ်စ် စီမံကိန်း အဆောက်အဦးပုံကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး၊ ဟောင်ကောင်က ဒုတိယအများဆုံးနဲ့ တောင်ကိုရီးယားနိုင်ငံက တတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံတွေက ဘယ်လိုစီးပွားရေး လုပ်ငန်းတွေကို ဘယ်အတိုင်းအတာထိ လုပ်ကိုင်နေ ပြီလဲဆိုတာနဲ့ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ထိ ပေး နိုင်ပြီလဲဆိုတာကို ဗိုလ်တထောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် မှာ မေးမြန်းခဲ့တဲ့အတွက် အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ရှင်းလင်းပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ထိစာရင်းတွေအရ နိုင်ငံပေါင်း ၂၅ နိုင်ငံက စီးပွါးရေးလုပ်ငန်း ၁၁ မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပြီး၊ စုစုပေါင်းရင်းနှီးမှုပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ သောင်း ၄ ထောင်ကျော်ရှိတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာတရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ သောင်း ၄ ထောင်ကျော်ရင်းနှီးမြှုပ်နှံထားတဲ့ အတွက် ၄၁ ရာခိုင်နှုန်းကျော်ရှိတယ်လို့ဆိုပါတယ်။ ဟောင်ကောင်က အမေရိကန်ဒေါ်လာ သန်း ၆ ထောင့် ၄ ရာနီးပါး ရင်းနှီးမြှုပ်နှံထားတဲ့အတွက် ၁၈ ရာခိုင်နှုန်းကျော်ရှိပြီး၊ တောင်ကိုရီးယားကတော့ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်နီးပါး ရင်းနှီးမြှုပ်နှံထားတဲ့အတွက် ၈ ရာခိုင်နှုန်းကျော်ရှိတယ် ဆိုပါတယ်။

တရုတ်၊ ဟောင်ကောင်နဲ့ တောင်ကိုရီးယားအပါအဝင် ပြည်ပနိုင်ငံတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းမှာအများဆုံးဖြစ်ပြီး၊ လျပ်စစ်ထုတ်လုပ်တဲ့ ကဏ္ဍကဒုတိယအများဆုံးဖြစ်သလို၊ သတ္တုတူးဖေါ်ရေးကဏ္ဍက တတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒီကဏ္ဍ ၃ ခုရဲ့စုစုပေါင်း ပမာဏ လုပ်ငန်းအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြဌါန်းလိုက်တဲ့အချိန်ကစပြီး ဒီနေ့ထိ မြန်မာနိုင်ငံသား ၃ သိန်းကျော် အတွက်အလုပ်အကိုင်တွေဖေါ်ဆောင်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။