ဗုံးကိစ္စ တရုတ်၊ မြန်မာ နှစ်နိုင်ငံ ပူးတွဲစုံစမ်းမှု စတင်


2015.03.17

တရုတ်ပိုင်နက်အတွင်း ဗုံးကျရောက်ခဲ့လို့ တရုတ်နိုင်ငံသားတွေ သေကြေ ဒဏ်ရာ ရခဲ့တာနဲ့ပတ်သက်ပြီး၊ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးတွဲ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လေ က  မြန်မာ စစ်တပ်လေယာဉ်ကချခဲ့တဲ့ ဗုံးလုံးကြောင့် တရုတ်နိုင်ငံသားတွေ သေကြေ ဒဏ်ရခဲ့ကြရတယ်ဆိုတာ ရှင်းပါတယ်။

အခု တရုတ်၊ မြန်မာ နယ်စပ်မှာ ပူးတွဲ စုံစမ်းစစ်ဆေးရေးတွေဆောင်ရွက်ဖို့ တရုတ်ဘက် က တောင်းဆိုထားတဲ့ အတိုင်း မြန်မာအစိုးရ က စုံစမ်းရေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်လိုက်ပြီး၊ အခု စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီလို့ မနေ့က ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ အဲ့ဒီဗုံးကိစ္စနဲ့ပတ်သက်ပြီး အတိအလင်းဝန်မခံသေးဘဲ၊ ကိုးကန့်အဖွဲ့က အခြေအနေ ရှုတ်ထွေးအောင် လုပ်တာ မျိုးဖြစ်နိုင်ကြောင်းပြောဆိုပြီး၊ ဒီကိစ္စမှာ ကိုးကန့်တပ်ဘက်က ပါဝင်ပတ်သက်မှု ရှိ၊ မရှိ တရုတ်အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုးကန့်အဖွဲ့အနေနဲ့လည်း တရုတ်ပြည်ကို ကျောပေးထားတာဖြစ်တဲ့အတွက် သူတို့ ပစ်တာမဟုတ်ဘူးလို့ မြန်မာ အမျိုးသားဒီမိုကရေစီတပ်ဖွဲ့ (ကိုးကန့်အဖွဲ့) က ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက RFA ကို ပြောပါတယ်။

"သတင်းမှာကျနော်တွေ့ရတာက မြန်မာအစိုးရကနေပြီးမှ ကျနော့်တို့ကိုစွပ်စွဲထားတာရှိတယ်၊ ဒါတော့လုံးဝ အဓိပ္ပါယ်မရှိပါဘူး၊ ကျနော်ငြင်းပါတယ်၊ သူတို့လေယာဉ်နဲ့ ဗုံးကြဲတာလွန်ပြီးတော့ တရုပ်ပြည်ဘက်ရောက် သွားတာ၊ အဲ့မှာတရုပ်နိုင်ငံသား ၄ ယောက်သေတယ်၊ ၉ ယောက်ဒဏ်ရာရတယ်၊ အဲ့ကိစ္စကို ကျနော်တို့က လုပ်ပါတယ်လို့ သူတို့ပြောထားတယ်၊ ကျနော်တို့မျက်နျာမူထားတာက ကိုးကန့်ဘက်ပါ၊ ကျနော်တို့ရဲ့ရန်သူ ကကိုးကန့်ဘက်က လာတာပါ၊ တရုပ်ပြည်ဘက်ကလာတာ မဟုတ်ပါဘူး၊ အဲ့တော့မှားပစ်စရာလည်း အကြောင်းမရှိဘူး၊ ပြီးတော့ကျနော်တို့ အဲ့လောက်ကြီးတဲ့လက်နက် လည်းမရှိပါဘူး"

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရက မြန်မာအစိုးရကို သံတမန်အရရော၊ စစ်တပ် ခေါင်းဆောင်ချင်းကြားမှာပါ တရားဝင်ကန့်ကွက်ခဲ့သလို၊ နယ်စပ်မှာလည်း တရုတ်စစ်အင်အား တိုးမြှင့်ချထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကစပြီး ကိုးကန့်အဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ အစိုးရစစ်တပ်က ရဟတ်ယာဉ်၊ လေယာဉ်ပျံတွေ အသုံးပြုပြီး တိုက်ခိုက် ခဲ့ပါတယ်။

အခုလို တရုတ်ပြည်ဘက် ဗုံးကျပြီးတဲ့ နှစ်ရက်အကြာမှာ အစိုးရတပ်နဲ့ ကိုးကန့်ကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာ ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရတပ်ဘက်က လေကြောင်းပစ်ကူ မသုံးစွဲတော့ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။