တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း သစ် ဖောက်လုပ်ပေးမည်


2017.02.14
winkhaing-minister-620.jpg မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင် က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ပြန်လည်ဖြေကြားစဉ်
Photo: Win Ko Ko Latt/RFA

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖောက်လုပ်ပေးဖို့အတွက် စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး က မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်ဖောက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိမေးမြန်းတာကို ဝန်ြကီး ဦးဝင်းခိုင် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"မန္တလေး၊ လားရှိုး၊ မူဆယ် လမ်းမကြီးက စီးပွားရေးအချက်အချာကျတဲ့အတွက် ရေရှည်လုပ်ငန်းတစ်ရပ်အနေနဲ့ရော နောက်ထပ်လမ်းကြောင်း သစ်တစ်ခု ရှာဖွေဆောင်ရွက်သင့်ပါတယ်"

မန္တလေး- မူဆယ်- လားရှိုးလမ်းမကြီးကို BOT စနစ်နဲ့ တာဝန်ယူနေတဲ့ Oriental Highway ကုမ္ပဏီက လေး လမ်းသွား ကတ္တရာလမ်းတိုးချဲ့တာ၊ နိုင်လွန်ကတ္တရာခင်းတာတွေကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ အပြီးဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဦးဝင်းခိုင် က ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားနေတဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာ ကားလမ်းပိုင်းမှာ လမ်းတိုးချဲ့မှု လုပ်ငန်း စတင်ဆောင်ရွက်နေပေမယ့် နယ်မြေလုံခြုံရေးအရ ၄၈ ပေ၊ လေးလမ်းသွား နိုင်လွန်ကတ္တရာခင်းတဲ့လုပ်ငန်းအစား လမ်းကျဉ်းတဲ့နေရာတွေမှာ မြေသားလမ်းချဲ့တာ၊ လမ်းပျက်ပြင်တာတွေကို ၂၀၁၇ မိုးရာသီအမီ အပြီးဆောင် ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာ့ဆန်တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းဝန်းကျင်ကို ဝယ်ယူနေတဲ့ တရုတ်နိုင်ငံထံ မန္တလေး- မူဆယ်- လားရှိုး လမ်းမကြီးကို အသုံးပြုပြီး ဆန်တင်ပို့နေသလို အဲဒီလမ်းမကြီးဟာ တရုတ်- မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းမကြီးလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။