ကျယ်ဂေါင်က မြန်မာကုန်ဂိတ်တွေကို တရုတ် ဖိအားပေး ဖယ်ရှားခိုင်း


2020.09.01
china-myanmar-border-622.jpg တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းဂိတ်ကို တွေ့ရစဉ်
Photo: Kan Thar/RFA

တရုတ်-မြန်မာနယ်စပ်က  ယူနန်ပြည်နယ် ကျယ်ဂေါင်မှာရှိတဲ့ မြန်မာကုန်ဂိတ်တွေကို စက်တင်ဘာ သုံးရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ တရုတ်အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ နယ်စပ်မှာရှိတဲ့ မြန်မာ ကုန်ဂိတ်ပိုင်ရှင်တွေက RFA ကို ပြောပါတယ်။

သြဂုတ် ၂၇ ရက်နေ့မှာ ရွှေလီမှာရှိတဲ့ တရုတ်စည်ပင်ရုံးမှာ မြန်မာကုန်သည်တွေ၊ ဂိတ်တာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ကျယ်ဂေါင်ထဲမှာ ဂိတ်ဆက်ဖွင့်ချင်သူတွေအနေနဲ့ စပေါ်ငွေ တရုတ်ယွမ်ငါးသိန်း (မြန်မာငွေသိန်းတစ်ထောင်ခန့်) ထားရမှာဖြစ်သလို လုပ်ငန်းမှာ တရုတ်လူမျိုးလုပ်ငန်းရှင် ရှယ်ယာတစ်ဝက် ပါရမှာဖြစ်တယ်လို့ ပြောဆိုလာပြီး လက်မခံနိုင်တဲ့ ကုန်စည်ဂိတ်တွေအနေနဲ့ တစ်ပတ်အတွင်း ကျယ်ဂေါင်ကနေ ရွှေ့ပြောင်းဖို့ တရုတ်ရဲတွေက ကုန်ဂိတ်တွေကို နေ့ညမပြတ် ဖိအားလာပေးနေတယ်လို့ ကျယ်ဂေါင်မှာ ကုန်ဂိတ်ဖွင့်ထားတဲ့ မူဆယ်မြို့ခံ ကိုဇော်မင်းက ပြောပါတယ်။

ကျယ်ဂေါင်မှာရှိတဲ့ မြန်မာကုန်ဂိတ်တွေဟာ တရုတ်နိုင်ငံထဲက ကုန်ပစ္စည်းတွေကို ကျယ်ဂေါင်မန့်ဝိန်းဂိတ်မှာ ဂျူတီလုပ်ပြီး မြန်မာနိုင်ငံထဲကို တင်သွင်း နေကြတာဖြစ်ပြီး မြန်မာကလာတဲ့ ကုန်ပစ္စည်းတွေကို တရုတ်ဂျူတီလုပ်ဖို့ ကျယ်ဂေါင်မှာပဲ စစ်ဆေးမှုတွေလုပ်ကြတာပါ။

ကျယ်ဂေါင်ဟာ မူလထဲက နှစ်နိုင်ငံ ကုန်ပစ္စည်း ဖလှယ်တဲ့ နေရာအဖြစ် သတ်မှတ်ထားခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျယ်ဂေါင်မှာ မြန်မာဂိတ်ပေါင်းတစ်ရာနဲ့ တစ်ရာ့ ငါးဆယ်ကြားရှိနေတာဖြစ်ပြီး စက်ပစ္စည်း၊ အထည်အလိပ်၊ စားသောက်ကုန် စတဲ့ ကုန်ပစ္စည်းအများစုကို မြန်မာနိုင်ငံအတွင်း တင်သွင်းနေကြတာပါ။

တရုတ်ကပြောဆိုလာတဲ့ အချက်တွေဟာ ကိုဗစ်ကာလ တရုတ်ထဲ ဝင်ထွက်ခွင့် ကန့်သတ်ခံထားရတဲ့ အချိန်ဖြစ်လို့ မြန်မာနိုင်ငံသား ကုန်ဂိတ်ပိုင်ရှင်တွေအတွက် လိုက်နာဖို့ အခက်အခဲ အများကြီးရှိတဲ့အတွက် ကျယ်ဂေါင်မှာရှိတဲ့ မြန်မာကုန်ဂိတ်တွေ မူဆယ်ကို ရွှေ့ဖို့လုပ်နေကြပြီလို့ ရှမ်းပြည်နယ် ကုန်စည်ပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ ကိုဝင်အောင်ခန့်က ပြောပါတယ်။

ဒီကိစ္စအတွက် မူဆယ်နမ့်ခမ်း ကုန်သည်ကြီးများအသင်းရုံးမှာ သြဂုတ်လ ၂၇ ရက်နေ့က ကုန်ဂိတ်လုပ်ငန်းရှင်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။