ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးညှိနှိုင်းဖို့ AA ကို တရုတ်တိုက်တွန်း

နေရိန်ကျော်
2020-01-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ်အစိုးရကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းနဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၂ဝ၂ဝ ဇန်နဝါရီ ၁ဝ ရက်နေ့က KIA ဌာနချုပ်မှာ တွေ့ဆုံစဉ်။
တရုတ်အစိုးရကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းနဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၂ဝ၂ဝ ဇန်နဝါရီ ၁ဝ ရက်နေ့က KIA ဌာနချုပ်မှာ တွေ့ဆုံစဉ်။
Photo: The Kachin Net

မြန်မာနိုင်ငံကို တရုတ်သမ္မတရှီကျင်းဖျင် မလာခင် တပတ်အလို ဇန်နဝါရီလ ၁ဝ ရက် သောကြာနေ့က တရုတ်အစိုးရရဲ့ကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းက KIA ဌာနချုပ် လိုင်ဇာမြို့မှာ KIA ခေါင်းဆောင်တွေနဲ့တွေ့ဆုံသလို AA ရခိုင့်တပ်တော်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တရုတ်က ကူညီနေသလို၊ AA ခေါင်းဆောင်တွေ အနေနဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းညှိနှိုင်းကြဖို့ တိုက်တွန်းသွားတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကိုပြောပါတယ်။

“ ကျနော်တို့ခေါင်းဆောင်တွေကို လိုင်ဇာမှာတွေ့တဲ့အခါတော့ မစ္စတာဆွန်းကော်ရှန်းက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တရုတ်အစိုးရက အကောင်းဆုံးကူညီနေတယ်။ အဲဒါကြောင့်မို့လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ညှိနှိုင်းကြဖို့ တိုက်တွန်းသွားတာရှိတာပေါ့ ”

နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် AA ရဲ့သဘောထားက ဘယ်လိုရှိလဲလို့ မေးကြည့်တဲ့အခါမှာ အစိုးရနဲ့ တပ်မတော်ဘက်က တင်းမာမှုတွေ လျှော့ချဖို့ လိုအပ်တယ်လို့ ခိုင်သုခကပြောပါတယ်။

“ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက်ပြီးကျင်းပနိုင်ဖို့ဆိုရင် မြန်မာအစိုးရနဲ့တပ်မတော်က သူတို့ရဲ့ တင်းမာတဲ့သဘောထားတွေ လျှော့ချဖို့လိုတာပေါ့။ အထူးသဖြင့် သူတို့ဘက်ကနေပြီးတော့ အင်အားသုံးပြီး အနိုင်ယူမယ်ဆိုတဲ့ဥစ္စာ၊ အဲဒီလိုအတွေးအခေါ်မျိုးကို အစိုးရနဲ့စစ်တပ်ဘက်က လျှော့ချပြီးမှ နှစ်ဦးနှစ်ဖက်တရားမျှတမှုရှိရှိနဲ့ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးကြမယ်ဆိုရင်တော့ ပြေလည်နိုင်မယ့် အလားအလာတွေအများကြီးရှိတာပေါ့”


အခုလိုပြောဆိုတာနဲ့ပတ်သက်လို့ တပ်မတော်ရဲ့သဘောထားသိရအောင် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုရော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုပါ ဒီနေ့ညနေ ၆ နာရီဝန်းကျင်က ဝါရှင်တန် RFA ရုံးချုပ်ကနေ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပြီးခဲ့တဲ့နှစ်မကုန်ခင် တရုတ်နိုင်ငံထဲမှာ တွေ့ဆုံခဲ့ပြီး သိပ်အဆင်ပြေတာမကြားရပေမယ့် နောက်တကြိမ်ကို အခု ဇန်နဝါရီလထဲမှာ ပြန်တွေ့ကြဖို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်နေရာမှာ တွေ့မယ်ဆိုတာ ဒီနေ့ထိတော့ သတင်းမရသေးဘူးလို့ ခိုင်သုခကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၈ ကြိမ်ရှိခဲ့ပြီး တပ်မတော်ဘက်ကအရာရှိကြီး နှစ်ယောက် အပါအဝင် တခြားအဆင့်ရှိတဲ့သူတွေ စုစုပေါင်း ၇၅ ယောက်ကျဆုံးတယ်လို့ AA ဘက်ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြင်ပရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ သမ္မတ ရှီကျင်းဖျင်ရဲ့ One Belt One Road မဟာစီမံကိန်းအောင်မြင်ရေးဟာ အရေးကြီးနေသလို အဲဒီစီမံကိန်းမှာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စပြီး အကောင်အထည်ဖော်နိုင်ရေးကလည်း အထူးအရေးပါလှပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ တရုတ်အနေနဲ့ ခြေချနိုင်ပြီဆိုရင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရပြီး ကျောက်ဖြူ၊ သီရိလင်္ကာ၊ ပါကစ္စတန် ဆိပ်ကမ်းသုံးခုကို တရုတ်အနေနဲ့ ဥဒဟိုချိတ်ဆက်နိုင်တော့မှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်အစိုးရတို့ သုံးဖက်စလုံးရဲ့ အကျိုးကိစ္စဆက်စပ်မှုတွေက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လောက်ခရီးပေါက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့