တားမြစ်ဧရိယာသတ်မှတ်ပြီး ရေကစားဖို့ ချင်းတွင်းသင်္ကြန်မှာ သတိပေး

2018-04-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ချင်းတွင်းသင်္ကြန် မြစ်ကမ်းခြေဇုံမှာ ရေကစားကြသူတွေကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်
ချင်းတွင်းသင်္ကြန် မြစ်ကမ်းခြေဇုံမှာ ရေကစားကြသူတွေကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Chindwin Thingyan - facebook

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီနှစ်သင်္ကြန်ကာလအတွင်း မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မုံရွာပြည်သူ့ဆေးရုံကြီးကို  အကြိုနေ့က ၈၅ ယောက်၊ အကျနေ့က ၈၈ ယောက်နဲ့ အကြတ်နေ့မှာ ၈၆ ယောက် ရောက်လာပြီး ထိခိုက်မှု အများဆုံးနှစ်ဖြစ်တယ်လို့ မုံရွာမြို့ ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်း က ပြောပါတယ်။

မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်မှာ ကျင်းပနေတဲ့ ချင်းတွင်းသင်္ကြန်မှာ မြစ်အတွင်းရေကစားသူတွေ အန္တရာယ်မဖြစ်စေဖို့အတွက် တားမြစ်ဧရိယာထဲမှာသာ ရေကစားကြဖို့ ချင်းတွင်းသင်္ကြန် လုံခြုံရေးတာဝန် ယူထားသူတွေက သတိပေးထားပါတယ်။

ရေအနက် ၃ ပေ နဲ့ ၄ ပေအတွင်းမှာပဲ ရေကစားခွင့်ပြုပြီး ရေနက်ပိုင်းကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ပေးထားတာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစန်းအေး က ပြောပါတယ်။

"ကျနော်တို့က ရေအနက်မှာ ပထမ ၃ ပေ၊ ဒီဘက်က ၄ ပေခွဲ ဟိုဘက်ကို ကျနော်တို့က တားမြစ်ဧရိယာ သတ်မှတ်ပေးပါတယ်၊ ၃ ပေနဲ့ ၄ ပေကြားထဲမှာပဲ ဆော့တာလက်ခံပါတယ်၊ ၁၀ ပေ ၃ ပေ ဗီနိုင်းဘုတ်တွေ ထောင်ပေးထားတယ်၊ ဘောကွင်းတွေ တားပေးထားတယ်၊ ငါးဖမ်းတဲ့နေရာမှာသုံးတဲ့ ရေဘောလုံးတွေကို ကြိုးတန်းနဲ့ တားပေးထားတယ်"

ဒီသင်္ကြန်ရက်တွေအတွင်း ချင်းတွင်းသင်္ကြန်ရဲ့ Beach Zone ဧရိယာထဲမှာမဟုတ်ဘဲ မြစ်အတွင်းမှာ လူတစ်ဦး ရေနစ်မြုပ်ခဲ့တာကို သွားရောက်ကယ်ဆယ်ပေးခဲ့ပေမယ့် ဆေးရုံရောက်ချိန်မှာ သေဆုံးသွားခဲ့တယ်လို့လည်း ပြောပါတယ်။

Beach Zone သတ်မှတ်ဧရိယာမှာ ရေကစားကြသူတွေအတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင် တွေ နဲ့ လူငယ်အဖွဲ့တွေ အင်အား ၃၀၀ လောက်နဲ့ လုံခြုံရေးယူပေးတယ်လို့ သိရပါတယ်။  တစ်ရက်တစ်ရက်ကို လူဦးရေ သိန်းနဲ့ချီပြီး လာရောက်လည်ပတ်ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်ုမြို့မှာလဲ  သင်္ကြန်အကြိုနေ့နဲ့ အကျနေ့တွေမှာ ထိခိုက်ဒဏ်ရာရပြီး  ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာ စုစုပေါင်း ၃၀၀ ကျော်ရှိခဲ့ပါတယ်။

ဆိုက်တခုလုံးသို့