တရုတ်သံရုံးရှေ့ဆန္ဒပြခေါင်းဆောင် ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2015.05.15
Share on WhatsApp
Share on WhatsApp
nay-myo-zin-protest-305 တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင် ၆ ဦးကို ရန်ကုန်တိုင်း ဒဂုံမြို့နယ်တရားရုံးက မေလ ၁၅ ရက်နေ့ က ထောင်ဒဏ်တွေချမှတ်လိုက်စဉ်
Photo: Thiha Tun/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေ က ဆန္ဒပြကြစဉ် ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ရတဲ့ တောင်သူဒေါ်ခင်ဝင်းအမှုကို စုံစမ်းဖော်ထုတ်ပေး ဖို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့အထဲ က ခေါင်းဆောင် ၆ ဦးကို ရန်ကုန်တိုင်း ဒဂုံမြို့နယ် တရားရုံးက ထောင်ဒဏ်တွေ ဒီနေ့ ချမှတ်လိုက်ပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ နော်အုန်းလှ ၊ ဒေါ်စန်းစန်းဝင်း၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စိန်ထွေးနဲ့ ဦးသန်းဆွေ စုစုပေါင်း ၆ ဦးကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၄ နှစ် ၄ လ သီးခြားစီကျခံဖို့ အမိန့်ချလိုက်တာလို့ လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလိုပြောပါတယ်။

"ပုဒ်မ ၃၅၃ အတွက် ၁ နှစ်၊ ၁၄၇ အတွက် ၁ နှစ်၊ ၅ဝ၅(ခ)အတွက် ၂ နှစ်ဆိုပြီးတော့ ၄ နှစ်ချတယ်၊ နောက်တစ်ခါသီးခြားအားဖြင့် ပုဒ်မ ၁၈ အရ စွဲဆိုထားတဲ့အမှုက ၄ လ ချတယ်၊ အဲ့ဒါတွေကို သီးခြားစီကျခံစေလို့ ဆုံးဖြတ်လိုက်တယ်၊ အစိုးရကို သိက္ခာကျအောင်လုပ်တယ်၊ နောက်ပြီးတော့ လူစုခွဲခိုင်းတာကို မခွဲဘူး၊ လွမ်းသူ့ပန်းခွေချတယ် နိုင်ငံတော်သီချင်းကိုဆိုတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမိန့်ချလိုက်တာ"

ဒီနေ့ အမိန့်ချမှတ်တဲ့နေ့မှာ လုံခြုံရေးအင်အားကို အရင်ရုံးချိန်းတွေထက် တိုးမြှင့်ချထားခဲ့ပါတယ်။

ဒဂုံမြို့နယ်တရားရုံးအတွင်း ရဲတပ်ဖွဲ့က အတားအဆီးချထားတာကြောင့် အဲ့ဒီအစည်းအတားတွေကို ဖယ်ရှားပေးဖို့ ဦးနေမျိုးဇင်တို့က တောင်းဆိုစဉ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

အခုလို ၅ လနီးပါးကြာ တရားစွဲဆိုခံရပြီး ပစ်ဒဏ်ချမှတ်လိုက်တာဟာ တရားမျှတမူမရှိကြောင်းနဲ့ အယူခံဝင်မှာ မဟုတ်ကြောင်း ထောင်ဒဏ်ချမှတ်ခံရသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး လိပ်ခွံတောင်ခြေမှာ ခြံစည်းရိုးဝင်းခတ်တဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခဖြစ်ပွားရာ တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့