တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ ပုဂံမြို့က လန်ချန်း-မဲခေါင်အစည်းအဝေး ပြင်ပမှာ တွေ့ဆုံ

2022.07.03
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ ပုဂံမြို့က လန်ချန်း-မဲခေါင်အစည်းအဝေး ပြင်ပမှာ တွေ့ဆုံ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
AFP

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြှင့်ဖို့အတွက် မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရအနေနဲ့ အဆင်သင့်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောလိုက်ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အစည်းအဝေးပြင်ပမှာ သီးခြားတွေ့ဆုံခဲ့ကြပြီး အခုလို ပြောဆိုတာလို့ CGNT - China Global Television Network သတင်းမှာ ဇွန်လ ၃ ရက် မနေ့က ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ပုဂံမြို့မှာကျင်းပနေတဲ့ လန်ချန်း-မဲခေါင်အစည်းအဝေးတက်ဖို့ မြန်မာနိုင်ငံ ညောင်ဦးလေဆိပ်ကို စနေနေ့က ရောက်ရှိခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် သူ့ရဲ့ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ မြန်မာစစ်ကောင်စီဘက်က တက်ရောက်မှာဖြစ်ပါတယ်။ မဲခေါင်မြစ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းတွေ များပြားလာနေတဲ့အတွက်၊ ရေစီးရေလာ ပြောင်းလဲသွားတာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်လာနေတာတွေကြောင့် ဒေသတွင်းစိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ တရုတ်ပြည်ဟာ မဲခေါင်မြစ်အထက်ပိုင်းက လန်ချန်းအမည်ရှိနေရာမှာ ရေလှောင်တမံ ဆည်ပေါင်း (၁ဝ) ခု တည်ဆောက်ထားပါတယ်။

မြန်မာဟာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ တက်ကြွပြီး အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့ ဝမ်ယီကပြောလိုက်သလို၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောက်လျှောက်ကူညီနေတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်တဲ့အကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ပြောဆိုတယ်လို့ CGNT သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်တို့ တွေ့ဆုံကြမှာလား ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာပြည်ကို အစည်းအဝေး တက်ရောက်လာခဲ့ကြတာဟာ မြန်မာ့အချုပ်အခြာအာဏာနဲ့ အစိုးရကို တရားဝင် အသိအမှတ်ပြုတာ ဖြစ်တယ်လို့ နေပြည်တော်မှာ သောကြာနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီး၊ နားလည်မှုစာချွန်လွှာတွေနဲ့ လုပ်ငန်းကန်ထရိုက်စာချုပ်တွေ လက်မှတ်ရေးထိုးကြမယ့်အကြောင်း ပြောဆိုတယ်လို့ အေပီသတင်းမှာ မနေ့က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။