AA နဲ့ပတ်သက်တယ်လို့ စွပ်စွဲခံရသူ ၁၄ ဦး ပြန်လွတ်


2020.01.24
chinlattwa-villagers-free-622.JPG မတရားအသင်းဆက်သွယ်မှုနဲ့ တရားရင်ဆိုင်နေရသူပြီး ပြန်လည်လွတ်မြောက်လာတဲ့ ၁၄ ဦးနဲ့ သူတို့ရဲ့မိသားစုတွေကို ၂ဝ၂ဝ ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်တွေတရားရုံးရှေ့မှာ တွေ့ရစဉ်
ဓာတ်ပုံ -မေယု ထွန်း

ရက္ခိုင့်တပ်တော် AA နဲ့ပတ်သက်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှုတွေနဲ့ တရားရင်ဆိုင် နေရသူ ၁၄ ဦးကို မှားယွင်းဖမ်းဆီးမှုလို့ သုံးသပ်ပြီး စစ်တွေတရားရုံးက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်တွေမြို့နယ်တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုနဲ့ အမှုရင်ဆိုင်နေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာက ရွာသား ၁၃ ဦးကို တရားရုံးက ဒီနေ့ပြန်လွှတ်ပေးလိုက်တာပါ။

အေအေအဖွဲ့ကို ရိက္ခာထောက်ပံ့တယ်၊ ပံ့ပိုးမှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျောက်တော်အခြေစိုက် တပ်မတော်အရာရှိတစ်ဦးက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကျောက်တော်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

အဲဒီအမှုကို စစ်တွေမြို့နယ် တရားရုံးမှာ ရုံးပြောင်းစစ်ဆေးခဲ့ပြီးနောက် ခိုင်လုံတဲ့စွပ်စွဲချက်တွေ မဟုတ်တဲ့အတွက် ဒီနေ့ စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်တဲ့နေ့မှာပဲ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းလှက ဒါဟာမှားယွင်းမှုလို့ တရားရုံးက သုံးသပ်ပြီး ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အဓိကကတော့ တရားလိုဘက်က စွပ်စွဲတဲ့ဟာက အဲဒီစွပ်စွဲတဲ့ပုဒ်မနဲ့ မငြိဘူးပေါ့ဗျာ။ အဲဒါကြောင့် ဒီအမှုကို မှားယွင်းမှုဆိုပြီးတော့ လွှတ်လိုက်တာပေါ့။ အမှုစွဲခံရတာကတော့ မတရားအသင်း ၁၇(၁)(၂)ပေါ့နော်။ ပထမဆုံး စစွဲတာကတော့ လူ ၂၆ ယောက်ပေါ့။ ၂၆ ယောက်မှာ ၁၃ ယောက်က တရားစွဲမခံရဘူး။ ၁၃ ယောက်က တရားစွဲခံရတယ်။ အကြောင်းပြချက်ကတော့ အေအေအဖွဲ့ကို ပစ္စည်းထောက်ပံ့တယ်၊ ရိက္ခာပို့တယ်ပေါ့ အဲဒါနဲ့တရားစွဲဆိုတာဖြစ်တယ်”

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာကနေ ရွာသား ၂၄ ဦးဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ထွက်ပြေးရောက်ရှိလာကြတာပါ။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ အဲဒီရွာသား ၂၄ ဦးနဲ့ သူတို့ကိုလက်ခံခဲ့တဲ့ ကျောက်တော်မြို့က အိမ်ရှင်အမျိုးသားနဲ့ အမျိုးသမီးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

စုစုပေါင်း ၂၆ ဦးထဲက ၁၃ ဦးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁၃ ဦးကို မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုဖွင့်စစ်ဆေးခံရပြီးနောက် အချိန် ၁၀ လကျော်အကြာ ဒီနေ့မှာ မှားယွင်းဖမ်းဆီးတယ်ဆိုပြီး ပြန်လည် လွတ်မြောက်လာကြတာလည်း ဖြစ်ပါတယ်။

အလားတူ မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုရင်ဆိုင်ခဲ့ရတဲ့ အသက် ၆၀ ကျော်အရွယ် ဦးမောင်စိန်လှကိုလည်း မှားယွင်းဖမ်းဆီးမှုလို့ သုံးသပ်ပြီး စစ်တွေ ခရိုင်တရားရုံးက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဦးမောင်စိန်လှဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၄ ရက်နေ့က ငါးရှာဖို့ထွက်သွားရင်း တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာနဲ့ကြုံရစဉ် ဖမ်းဆီးခံခဲ့ရတာပါ။

ရခိုင်မှာ ငါးဖမ်းတဲ့ မြှုံးကို ဗုံးလို့သုံးနှုန်းခေါ်ဝေါ်ပြီး အဲဒါကိုနားလည်မှုလွဲပြီးတော့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာ ဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ကျွန်မတို့ ရခိုင်တွေမှာ ငါးထောင်တဲ့ မြှုံးကို ဗုံးလို့ခေါ်တာ။ သူက နားကလည်းလေးတယ်။ ဆိုတော့ အဘိုးကြီး ဗုံးထောင်တတ်လားဆိုပြီးတော့ အော်ဟစ်ငေါက်ငမ်းပြီးတော့မေးတော့ ထောင်တတ်တယ်လို့ ဖြေတယ်။ ရွာမှာ ဗုံးထောင်တတ်တဲ့သူတွေရှိလား၊ ဗုံးထောင်တဲ့သူတွေရှိလားလို့မေးတော့ သူကရှိတယ်လို့ဖြေတယ်။ ရွာကိုရောက်တဲ့အခါမှာ ငါးထောင်တဲ့မြှုံးတွေကို ပြတာပေါ့လေ။ အဲဒါနဲ့ ၁၀ လနီးနီးကို ချုပ်နှောင်ခံပြီးတဲ့အခါမှာ အခုစွဲချက်မတင်ဘဲလွှတ်တဲ့ အမိန့်ကိုချသွားတယ်။ မှားယွင်းမှုဆိုပြီးတော့ သတ်မှတ်လိုက်တာပေါ့လေ”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာက စက်ပြင်ဆရာ အိုးဖောက်(ခေါ်) ဦးမောင်စံသိန်းကိုလည်း မှားယွင်းဖမ်းဆီးတာလို့ သုံးသပ်ပြီး စစ်တွေခရိုင်တရားရုံးက ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးမောင်စံသိန်းရဲ့နေအိမ်မှာ လက်လုပ်ဗုံးတွေ့တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က တပ်မတော်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်စစ်ဆေးခံခဲ့ရတာပါ။

ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသူတွေဟာ ခိုင်မာတဲ့ သက်သေထွက် ချက်တွေ မရှိတဲ့အတွက် တရားရုံးက ပြန်လွှတ်ပေးတာတွေ ရှိလာနေတာပါ။ဒီအပေါ်မှာ အမှုလိုက်ရှေ့နေတွေ ဘက်က တရားရုံးတော်ဟာ ဥပဒေအတိုင်း မှန်မှန်ကန်ကန် စီရင်လာတာကို တွေ့ရတယ်ဆိုပြီး သုံးသပ်ပြောဆို တာတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ဘာအပြစ်မှမရှိသူတွေအပေါ် သံသယနဲ့ဖမ်းဆီးခံရတာမျိုးကတော့ နစ်နာရတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောဆိုကြပါတယ်။

ဒီနေ့ တရားရုံးကနေပြန်လည်လွတ်မြောက်လာတဲ့ ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာက ဦးမောင်ခိုင် ကတော့ အပြစ်မရှိဘဲ ၁၀ လကျော်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာကြောင့် စီးပွားပျက်ခဲ့ရတယ်လို့ပြောပါတယ်။

မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံခဲ့ရလို့ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိခဲ့ကြောင်း၊ လူ့အခွင့်အရေး အတွက်ပါ နစ်နာခဲ့ရတာတွေရှိခဲ့ကြောင်း ဦးမောင်ခိုင်က ရခိုင်ဘာသာစကားနဲ့ ပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်လို့ သံသယနဲ့ အမှုဖွင့်ခံရထားရသူဟာ ၅၀၀ ကျော်ရှိတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြု အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။