တိုးတက်မှုနဲ့ ချိုးဖောက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲ

အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ အရှေ့အလယ်ပိုင်း ဒေသတလျှောက် ပြန့်နှံ့ခဲ့တဲ့ နာမည်ကျော် အာရပ် နွေဦးတော်လှန်ရေး နဲ့အတူ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တိုးတက်မှုတွေအဖြစ် ဖော်ပြလိုက်ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

2012.05.24
clinton-0524-b305 အမေရိကန် နိုင်ငံခြားရေးဌာန၊ နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သတင်းထောက်များအား ရှင်းလင်းပြောဆိုနေစဉ်။
U.S. Department of State

ဒီအပြောင်းအလဲတွေဟာ နိုင်ငံတကာက လက်ခံတန်ဖိုးထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေအတွက် တောင်းဆိုကြတာ ဖြစ်တယ်လို့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုခဲ့ရာမှာ -

အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးတွေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေအပေါ် အဓိက လွှမ်းမိုးခဲ့တဲ့ အသံကတော့ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံနှုန်းနဲ့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေးတွေကို အမျိုးသား၊ အမျိုးသမီးအားလုံး ဝိုင်းဝန်း တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို (၁၅) နှစ်ကျော် နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးတာ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် လမ်းဖွင့်ပေးတာတွေကို ထင်ရှားတဲ့ အပြောင်းအလဲတွေအဖြစ် အသိအမှတ် ပြုထားပေမဲ့၊ လက်ရှိ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးတာ၊ အဓမ္မနေရာ ရွှေ့ပြောင်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michale Posner ကလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။