နည်းပြနဲ့ လူငယ်တွေကို အောင်မြင်စွာ ကယ်ထုတ်နိုင်ပြီ


2018.07.10
thai-children-helicopter-622.jpg ကလေးတွေကို သယ်ဆောင်တဲ့ ထိုင်းရဟတ်ယာဉ်ကို ၂ဝ၁၈ ဇူလိုင်လ ၉ ရက်နေ့ညက တွေ့ရစဉ်
Photo: REUTERS

ထိုင်းနိုင်ငံ၊ မယ်ဆိုင်လှိုဏ်ဂူထဲမှာ ကျန်ရှိနေတဲ့ နည်းပြနဲ့ လူငယ် ၄ယောက်ကို ဂူထဲကနေ ဒီနေ့ညနေပိုင်းမှာ ကယ်ထုတ်လာနိုင်ပြီဖြစ်တယ်လို့ အဲဒီနေရာမှာ သတင်းယူနေတဲ့ သတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေအရ သိရပါတယ်။

ဒီနေ့ညနေ ၆ နာရီကျော်ဝန်းကျင်မှာ ၉ ယောက်မြောက် လူငယ်ဟာ ချင်းရိုင်ဆေးရုံကို ရောက်ရှိသွားပြီဖြစ်ပြီး ၁၀ ယောက်နဲ့ ၁၁ ယောက်လူငယ်တွေကိုတော့ ရဟတ်ယာဉ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။

ပိတ်မိခဲ့တဲ့ ၁၃ ယောက်ထဲက နောက်ဆုံးဖြစ်တဲ့ နည်းပြတစ်ဦးနဲ့ လူငယ်တစ်ယောက်ဟာလည်း ဂူဝကို ရောက်ရှိနေပြီဖြစ်ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူငယ်တွေကို ဂူထဲမှာ စောင့်ရှာက်ပေးနေတဲ့ ဆေးမှူးတစ်ယောက် နဲ့ စောင့်ကြည့်နေတဲ့ ထိုင်းရေတပ်က တပ်ဖဲ့ွဝင် ၃ ယောက်ကိုလည်း ဒီနေ့ အပြီးကယ်ထုတ်သွားမှာဖြစ်တယ်လို့ ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲ မှာ ပြောကြောင်း အဲဒီနေရာမှာ သတင်းယူဖို့ ရောက်ရှိနေတဲ့ ဧရာဝတီသတင်းဌာနက ကိုကျော်ခ က RFA ကို ပြောပါတယ်။

အထူးရေငုပ်အဖွဲ့ဝင် ၁၉ ယောက်က ဒီမနက် ၁၀ နာရီခွဲလောက်မှာ ဂူထဲကို ဝင်ရောက်ပြီး ကယ်ဆယ်ခဲ့ တာ ဖြစ်ပါတယ်။

မနေ့ကအထိ ကယ်ထုတ်ထားပြီးတဲ့ လူငယ် ၈ ယောက်ကတော့ ကျန်းမာရေးအခြေအနေကောင်းမွန်ပေမယ့် ပြင်ပ က ဗိုင်းရပ်စ်တွေ ကူးစက်မှာစိုးရိမ်သလို သူတို့မှာ ဘယ်လိုဗိုင်းရပ်စ်တွေ ကူးစက်ခံလာရသလဲဆိုတာ သေချာ သိရအောင် စစ်ဆေးနေတာကြောင့် မိဘတွေနဲ့ ပေးမတွေ့သေးဘူးလို့လည်း ဒီနေ့ မနက်ပိုင်း သတင်းတွေအရ သိရပါတယ်။

ထိုင်းနိုင်ငံ လူငယ်ဘောလုံးအသင်းသား ၁၂ ယောက် နဲ့ နည်းပြတစ်ယောက်တို့ဟာ ဇွန်လ ၂၃ ရက်နေ့ ကတည်းက လှိုဏ်ဂူထဲဝင်ရောက်ပြီး ပိတ်မိခဲ့တာဖြစ်ပါတယ်။ သူတို့ကို ကယ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအဖွဲ့နဲ့အတူ နိုင်ငံတကာအဖွဲ့တွေက ပူးပေါင်းကူညီကယ်တယ်ပေးခဲ့ရာမှာ ဒီနေ့ ၁၈ ရက်အကြာမှာ အားလုံးကို ပြန်လည်ကယ်ထုတ်လာနိုင်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။