ကျောက်မီးသွေးစီမံကိန်းကြောင့် ဆိုးကျိုးဖြစ်လာရင် ပြည်သူပေးတဲ့ အပြစ်ဒဏ်ခံယူမယ်လို့ ပြည်နယ် ဝန်ကြီးချုပ်ပြော


2017.06.21
nankhinhtwemyint-620.jpg ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

ကရင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်မီးရရှိဖို့ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှာဖြစ်ပြီး ဆိုးကျိုးဖြစ်လာရင် ပြည်သူက ပေးတဲ့ ပြစ်ဒဏ်ခံယူဖို့ အသင့်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် က ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးရွာအနီးမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ပတ်ဝန်းကျင်ဆိုင်သက်ရောက်မှုဆိုင်ရာ EIA ဆန်းစစ်လေ့လာခြင်း လုပ်ငန်းစဉ် အဖြစ် ဒေသခံတွေနဲ့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဘားအံမြို့ဇွဲကပင်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီတေ့ွဆုံပွဲမှာ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် က ပြောကြားခဲ့တာဖြစ်ပါတယ်။

နောင်မှာ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကို ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာပါ အကောင်အထည်ဖော်လာနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအနီးမှာ တိုယိုထိုင်းကုမ္ပဏီက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း ဆောက်လုပ်နိုင်ရေးအတွက် ပထမအဆင့် ကြိုတင်လေ့လာဆန်း စစ်မှုတွေဆောင်ရွက်ဖို့ ပြည်နယ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးထားတာဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ မဂ္ဂဝပ် ၁၂၈၀ ထွက်ရှိမှာဖြစ်ပြီး ဆန်းစစ်ချက်တွေကို ဒီနှစ်ကုန်ထိ ဆောင်ရွက်မှာဖြစ် ပါတယ်။ စီမံကိန်းကို ၂၀၁၈ ခုနှစ် ပထမလေးလမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ၂၀၂၀ ပထမလေးလအတွင်း အပြီးဆောက်လုပ်ကာ နိုင်ငံတော်ကိုရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီတာဝန်ရှိသူတွေက ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာသုံးစက်ပစ္စည်းတွေနဲ့ တည်ဆောက်သွား မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီလူထုတွေ့ဆုံပွဲဟာ လွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပြီး တွေ့ဆုံပွဲဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ လူထုတွေ့ဆုံပွဲမဟုတ်ဘူးလို့ ကရင်ပြည်နယ် အခြေစိုက်အရပ်ဖက်အဖွဲ့အစည်း ၃၃ ဖွဲ့က ကန့်ကွက်လိုက်ပါတယ်။ အဲဒီလို ကန့်ကွက်တာကို တနိုင်ငံလုံးက အရပ်ဖက်အဖွဲ့အစည်း ၁၁၄ ဖွဲ့ကလည်း ထောက်ခံလိုက်ပါတယ်။

အကောင်အထည်ဖေါ်မယ်ကုမ္ပဏီက သန့်စင်တဲ့ကျောက်မီးသွေးနည်းပညာကို အသုံးပြုမှာ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဟာ ၁၀၀%ထက်ပိုကောင်းတယ်လို့ ဝတ်ကြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခြင်းဟာ ဒေသခံတွေကို လိမ်လည်ပြီး စည်းရုံးတာ ဖြစ်တယ်လို့လည်း အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုယိုထိုင်းကုမ္ပဏီဟာ မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာကြောင့် ကရင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။