အာဂျီနိုမိုတို ပြန်လာပြီ

မြန်မာနိုင်ငံမှာ လူသိများတဲ့ အာဂျီနိုမိုတိုအချိုမှုန့်ကုမ္ပဏီဟာ ၂ဝ၁၇ နှစ်အတွင်း မြန်မာနိုင်ငံမှာ စက်ရုံပြန်ဖွင့်တော့မယ်လို့ မနေ့က သတင်းရရှိပါတယ်။

အခုပြန်လည် စတင်မယ့်စက်ရုံသစ်ကို ရန်ကုန်တိုင်း သံလျင်မြို့နယ် သီလဝါ အထူးစက်မှုဇုံမှာ တည်ဆောက်မှာဖြစ်ပြီး စတုရန်းပေ ၅ သောင်း ၄ ထောင် နီးပါးအကျယ်အဝန်းရှိမယ့် စက်ရုံအတွက် ရင်းနှီးမတည်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ဝ သန်းခွဲကျော် သုးံစွဲမယ်လို့ သိရပါတယ်။

အဲဒီ အချိုမှုန့်တွေကို ထိုင်းနိုင်ငံအခြေစိုက်တဲ့ အာဂျီနိုမိုတို စက်ရုံကနေ တင်သွင်းပြီး သီလဝါစက်ရုံမှာ ထုပ်ပိုးမှာ ဖြစ်ပါတယ်။ ထွက်လာမယ့်အချိုမှုန့်ထုတ်တွေကို ပထမပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးဈေးကွက်ကို အဓိကထားဖြန့်ဖြူး ရောင်းချမှာဖြစ်ပြီး၊ ၂ဝ၂ဝ ခုနှစ်အရောက်မှာ ပြည်လုံးအနှံ့ တစ်နှစ်ကို ဒေါ်လာ သန်း ၂ဝ ကျော်ဖိုးလောက် ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။

တိုကျိုမြို့ရှိ အာဂျီနိုမိုတို ရုံးချုပ်ရဲ့လေ့လာတွေ့ရှိချက်အရ မြန်မာြ့ပည်သူတွေဟာ တစ်နှစ်ကို အချိုမှုန့် တန်ချိန် ၅ သောင်း ၂ ထောင်ခန့် စားသုံးနေပြီး ဒီပမာဏဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စတုတ္ထအများဆုံးဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေကတော့ မြန်မာပြည်ထက် ပိုပြီး သုံးစွဲတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအချိုမှုန့်ဈေးကွက် ၇ဝ ရာခိုင်နှုန်းကို တရုတ်က ရယူလွှမ်းမိုးထားပါတယ်။ အာဂျီနိုမိုတိုစက်ရုံကို မြန်မာပြည်မှာ ရှေးဦးစွာ ၁၉၉၆ ခုနှစ်က တည်ဆောက်ခဲ့ပေမယ့် အချိုမှုန့်ကုန်ကြမ်းတွေ ထိုင်းနိုင်ငံက တင်သွင်း တာကို အဲဒီအချိန်မှာ အုပ်ချုပ်တဲ့ စစ်အစိုးရက ခွင့်မပြုလို့ စက်ရုံကို ၂ဝဝဝ ခုနှစ်မှာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။