လစ်လပ်နေတဲ့ ပြည်နယ်ဝန်ကြီးနေရာကို လွှတ်တော်အတည်ပြု

2018-03-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးနေရာအတွက် ခန့်အပ်လိုက်တဲ့ ဦးဝင်းမြင့်ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးနေရာအတွက် ခန့်အပ်လိုက်တဲ့ ဦးဝင်းမြင့်ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးနေရာအတွက် ပြည်နယ်ဝန်ကြီးချုပ် အဆိုပြု တင်သွင်းထားတဲ့ တောင်ကုတ်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ကို ဒီနေ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုခန့်အပ်လိုက်ပါတယ်။

ဝန်ကြီးနေရာအတွက် အတည်ပြုခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က သူ့အနေနဲ့ အကောင်းဆုံး ဖြစ်အောင်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်က မြို့ရွာတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမှာပေါ့၊ ပြည်သူတွေတွက် အကျိုးဖြစ်ထွန်းမယ့်လုပ်ငန်းတွေလုပ်မယ်၊ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပြီးလုပ်မှာပါ"

စည်ပင်သာယာရေးဝန်ကြီးနေရာမှာ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ခန့်အပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အမည်စာရင်းတင်သွင်းခဲ့တာပါ။

ကန့်ကွက်မယ့်သူရှိရင် အမည်စာရင်းတင်သွင်းပြီး ကန့်ကွက်လို့ရကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာ ခဲ့ပေမယ့် ကန့်ကွက်မယ့်သူမရှိခဲ့ပါဘူး။

ပြည်နယ်ဝန်ကြီးနေရာခန့်အပ်ဖို့ အတည်ပြုခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ အနိုင်ရခဲ့တာပါ။

ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုချက်ကို နိုင်ငံတော် သမ္မတထံ ပေးပို့ရမှာဖြစ်ပြီး နိုင်ငံတော် သမ္မတက ဆက်လက်အတည်ပြုထုတ်ပြန်ရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ အရင် စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးမင်းအောင်ဟာ ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက တာဝန်ကနေ ရပ်စဲခံခဲ့ရတာဖြစ်ပါတယ်။

ဆိုက်တခုလုံးသို့