ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံပွဲကို သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တချို့ ကန့်ကွက် နှောင့်ယှက်


2019.04.07
constitutional-amendment-in-ygn-622.jpg ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၇ ရက်နေ့ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တချို့က လာရောက်ကန့်ကွက် နှောင့်ယှက်ခဲ့စဉ်
Photo: Thant Zin Oo/RFA

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာပန်းခြံမှာ ဒီကနေ့ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး ထောက်ခံပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့ သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တချို့က လာရောက်ကန့်ကွက် နှောင့်ယှက်ခဲ့ပါတယ်။

ဒီကနေ့ဟောပြောပွဲမှာပါဝင်တဲ့ စာရေးဆရာ ထင်လင်းဦးနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အနေနဲ့ အမျိုးဘာသာ သာသနာကို ထိခိုက်စေမယ့် အပြောအဆိုတွေ ထည့်သွင်းမဟောပြောဖို့ လာရောက်ကန့်ကွက်တာဖြစ်တယ်လို့ ကန့်ကွက်သူတွေရဲ့ပြောဆိုမှုအရ သိရပါတယ်။

အခုလိုလာရောက်ကန့်ကွက်မှုကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လုံခြုံရေးထပ်တိုးမြှင့်ပြီး ညှိနှိုင်းဖြေရှင်းခဲ့ရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲမှာ စာရေးဆရာ ထင်လင်းဦး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ တေးရေးဆရာ နိုင်မြန်မာ၊ ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုခေါင်းဆောင် ဦးမြအေးနဲ့ ၈၈ မျိုးဆက် ရဲဘော်ဟောင်း ဦးအောင်မော်တို့က ဦးဆောင်ဟောပြောခဲ့ကြပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့မှာပြုလုပ်ခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲမှာ တပ်မတော်နဲ့ပတ်သက်ပြီး ပြောဆိုဝေဖန်ခဲ့တာကြောင့် တပ်မတော်ဘက်က ဧပြီလ ၃ ရက်နေ့က နိုင်ငံတော် အကြည်ပျက်စေမှု ပုဒ်မ ၅ဝ၅ (က) ၅ဝ၅ (ခ) တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အာမခံနဲ့အမှုရင်ဆိုင်နေ သူဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။