ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ကျောက်ဆည်မှာ ကျင်းပ
2019.03.17
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခဲ့တဲ့ ဆန္ဒပြပွဲကို မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ပါဝင်တာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောက်ဆည်မြို့နယ်က ကိုစိုးသီဟက ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ဆင်ဖို့ ခက်ခဲအောင် ပြုလုပ်ထားတာဖြစ်ပြီး ပုဒ်မ ၄၃၆ ကို အဓိကထား ပြင်ဆင်စေလိုကြောင်း၊ အသစ်ပြန်မရေးဆွဲရဘူးလို့ ပြဋ္ဌာန်းမထားတဲ့အတွက် ပြင်ဆင်ဖို့ ခက်ခဲနေမယ်ဆိုရင် အသစ် ရေးဆွဲစေလိုကြောင်း သူ့အမြင်ကို ပြောပါတယ်။
ကျောက်ဆည်မြို့မှာ ၂၀၁၄ ခုနှစ်ကလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ ကျောက်ဆည်မြို့နယ်နဲ့ အနီးတဝိုက်က သူတွေလည်း ပါဝင်ခဲ့ပြီး လူအင်အား ၆၀၀ ခန့်နဲ့ မြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ မကွေးတိုင်းက ချောက်မြို့နဲ့ ပခုက္ကူမြို့မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
လာမယ့် မတ်၂၀ ရက်နေ့မှာလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့လိုက်တာပါ။